
တရုတ်-မြန်မာ နယ်စပ် လိုင်ဇာဒေသတလျှောက် ဩဂုတ် ၄ ရက် မနက်အစောပိုင်းကစပြီး မိုးသည်းထန် ရေကြီးကာ စစ်ရှောင်နေအိမ်တွေပါ မျောပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ရှောင်တယောက်က “ဂျဲယန်ချောင်း ခါတိုင်းကထက် ပိုကြီးတယ်။ စစ်ရှောင်အိမ်တွေလည်း ဘယ်နှအိမ် ပါသွားပြီဆိုတာ မသိရဘူး။ အခု မျောပါတော့မယ့် အိမ်တွေလည်း ရှိနေတယ်။ တရုတ်ဘက်က ကြံခင်းတွေလည်း မျောပါကုန်ပြီ။ နယ်စပ်စည်းရိုးလည်း မျောပါသွားပြီ” လို့ ပြောပါတယ်။
ရွာထဲနဲ့ လမ်းမတွေပါ်မှာလည်း ရေကြီးပြီး ပိုဆိုးလာနေတာကြောင့် ဖွန်လုမ်ယန်၊ ဂျဲယန် စစ်ရှောင်စခန်းဝန်းကျင်က လူတွေ သတိထားပြီး ရှောင်တိမ်းရမယ့် အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“ရေ အကုန်မြုပ်ကုန်ပြီ။ မုန့်လိုင်ချောင်းတံတားလည်း ရေကျော်သွားပြီ။”
ဂျာထူကောင်၊ ဖွန်လုမ်ယန်၊ ဂျဲယန် စစ်ရှောင်စခန်းတွေ၊ မုန်ဆိုင်ယန်ရွာ စတဲ့ ချောင်းဘေးမှာရှိတဲ့ ရွာတွက အကုန်ရှောင်ရမယ့် အခြအနေလို့ သူက ပြောပါတယ်။
တရုတ်ဘက်ခြမ်းက လျှပ်စစ်ရုံးနားလည်း မြေပြိုနေတယ်လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
လိုင်ဇာ-မိုင်ဂျာယာန် လမ်းပေါ် တချို့နေရာ မြေပြိုထားလို့ လူတောင်ဖြတ်မရတာ့ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တွေထက် ရေပိုကြီးပြီး လက်ရှိထိ ရေက ကြီးနေဆဲဖြစ်ကာ ထိခိုက်ပျက်စီးမှု မသိနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။