ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဟိုယာနဲ့ ဟူဘော(ကေကော)မြို့ကို ချိတ်ဆက်ထားတဲ့ လမ်းနဲ့ တံတားက ရေကြီးမှုကြောင့် ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက သြဂုတ် ၃ ရက်မှာ ပြောပါတယ်။
သြဂုတ် ၂ ရက်နေ့မှာ မိုးသည်းထန်စွာရွာပြီးတဲ့နောက် တောင်ကျချောင်းရေတွေလည်း ရောပါလာတာကြောင့် လမ်းနဲ့ တံတား ထိခိုက်ပျက်စီးပြီး ဒေသခံတွေလည်း အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ဟူဘော(ကေကော) ဒေသခံတယောက်က “ဟိုယာနဲ့ ဟူဘောဘက်ကြားက ထူးချောင်း တံတားပေါ့နော်၊ တံတားပျက်နေတော့ အရေးပေါ်လူနာတွေ ဟိုယာမှာ ဆေးလာကုချင်ရင် သွားလာလို့ မရတော့ဘူး။ ကျောင်းတက်တဲ့ကလေးတွေလည်း ကျောင်းပိတ်ချိန် အိမ်ပြန်လိုက်ပြီး အခုကျောင်းဖွင့်ချိန် ပြန်လာဖို့ အခက်အခဲဖြစ်သွားတာတွေလည်း ရှိတာပေါ့” လို့ ပြောပါတယ်။
ဟိုယာနဲ့ ဟူဘောကို ချိတ်ဆက်ထားတဲ့တံတား ပျက်စီးသွားတဲ့အတွက် ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီး ကုန်ကျစရိတ်အတွက် အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။
ဟူဘော(ကေကော)နဲ့ တောင်ငူ ယာဒိုကြားမှာလည်း ရေကြီးမှုကြောင့် မြေပြိုပြီး လမ်းပျက်စီးတာကြောင့် ကုန်စည်စီးဆင်းမှုနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖရူဆိုအနောက်ဘက်ခြမ်းက ရာဧပရားနဲ့ မော်သီဒိုလမ်းပိုင်းမှာလည်း မိုးရွာလို့ မြေပြိုပြီး ကားတွေ သွားမရတော့တာတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။