
ကချင်ပြည်နယ်၊ လိုင်ဇာအနီးက စစ်ရှောင်စခန်းနဲ့ ရွာတွေမှာ ဩဂုတ် ၄ ရက်က ရုတ်တရက် ရေကြီးလို့ မျောပါ၊ ပျက်စီးသွားတဲ့ နေအိမ် ၄၆၈ လုံးအထိရှိပြီး လယ်ဧက ၃၀ လောက် ရေမြုပ်ပျက်စီးကာ ဩဂုတ် ၆ ရက် မနက်အစောပိုင်းကလည်း ရေအနည်းငယ် ထပ်ကြီးလာကြောင်း ဒေသခံတွေနဲ့ လိုင်ဇာ FM ရဲ့ သတင်းထုတ်လွှင့်ချက်အရ သိရပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “ဒီနေ့ ဩဂုတ်လ ၆ ရက်နေ့ မနက် ၂ နာရီလောက်က ရေပြန်ကြီးလာလို့ ဒီချောင်းဘေးနားက လူတွေက ကုန်းပေါ်ဘက် ပြန်ရွှေ့အိပ်ရတယ်” လို့ ပြောပါတယ်။
ဒီမနက်အစောပိုင်း မိုးလည်း အဆက်မပြတ်ရွာလို့ ရေအတော်ပြန်ကြီးလာတာကြောင့် ချောင်းဘေးကလူတွေ ပြေးတဲ့သူပြေး ဖြစ်ကုန်ကြပြီး မိုးလင်းမှ ပြန်လာကြတာ၊ ရေတော့ ပြန်လျော့သွားပြီလို့ ဆိုပါတယ်။
ရေဘေးဒုက္ခကြုံခဲ့ရတဲ့ ဒေသခံပြည်သူတွေကို ကချင်လွတ်လပ်ရေးကောင်စီ(KIC) က ကူညီကယ်ဆယ်ရေးကော်မတီဖွင့်ပြီး လိုအပ်တဲ့ ပစ္စည်း၊ နေထိုင်စရာနေရာတွေ ပြင်ဆင်ပြီး ပံ့ပိုးပေးနေကြောင်း လိုင်ဇာ FM က ဇူလိုင် ၅ ရက် ညက သတင်းထုတ်လွှင့်ထားပါတယ်။
ရုတ်တရက် ရေကြီးလာလို့ ဒေသခံပြည်သူတွေ အသက်ဘေးကင်းရုံ ထွက်ပြေးလာခဲ့ရပြီး တချို့က အိမ်အလုံးလိုက် ပါသွားကာ တချို့က တချို့တဝက် ထိခိုက်ပျက်စီးခဲ့သလို တန်ဖိုးရှိပစ္စည်းလည်း အမြောက်အမြား မျောပါသွားခဲ့ပြီး စာသင်ကျောင်း၊ မူကြိုကျောင်းတွေလည်း ထိခိုက် ပျက်စီးကုန်တယ်လို့ ဖော်ပြထားပါတယ်။
ရေကြီးမှုမှာ ဒေသခံ ပြည်သူ ၆ ယောက် အသက်သေဆုံးခဲ့ပြီး နေအိမ် ၄၆၈ လုံး ပျက်စီးကာ မုန်လိုင်ချောင်းတံတား၊ လဂျားယန်တံတား၊ နားလုံနဲ့ မန်ဆိုင်းတံတားတွေ အပါအဝင် တံတားအားလုံး ၇ ခု ပျက်စီးသွားခဲ့သလို လိုင်ဇာနဲ့ တာပိန်တံတားအကြား လမ်းပိုင်း ၆ နေရာမှာ မြေပြိုသွားတာကြောင့် သွားလာလို့မရတော့ဘဲ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နမ်ဆန်ယန်ဒေသ နားလုံနယ်မှာ အိမ်ခြေ ၉၅ အိမ်ရှိပြီး လူဦးရေ ၅၄၈ ယောက် နေထိုင်တဲ့ မန်မောဝ်ရွာထဲ ဩဂုတ် ၄ ရက် မနက် ၈ နာရီခန့်က ရုတ်တရက် ရေကြီးလာကာ စီးဝင်လာလို့ နေအိမ်ထိခိုက်ပျက်စီးမှုတော့ မရှိခဲ့ပေမဲ့ ဒေသခံတွေ အဓိက အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ လယ်ဧက ၃၀ ခန့် နစ်မြုပ်ပျက်စီးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “မန်မောဝ်ရွာက နားလုံကနေ ဝင်သွားရင် စစ်ရှောင်စခန်းနားပဲ။ နားလုံနဲ့လည်း နီးတယ်။ ရှဒန်ပါနဲ့လည်း နီးတယ်။ ရှမ်းရွာ ဟုတ်တယ်။ ရေ အရမ်းကြီးတယ်” လို့ ပြောပါတယ်။
အရင်က ရေကြီးခဲ့ဖူးပေမဲ့ အခုလို လယ်တွေ နစ်မြုပ်ပျက်စီးတာမျိုး မရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။ ပျက်စီးသွားတဲ့ လမ်းပိုင်းနဲ့ တံတားတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) လမ်းဦးစီးဌာနက စတင်ပြုပြင်နေပြီး လျှပ်စစ်မီးကိုလည်း သက်ဆိုင်ရာဌာနတွေက တာဝန်ယူကာ အမြန်ဆုံး ပြန်လည် အဆင်ပြေနိုင်အောင် ပြုပြင်နေပြီလို့ ပြောထားပါတယ်။