Home
မြန်မာသတင်း
ရေကြီးမှုကြောင့် လယ်ပျက်စီးသွားသည့် မြောက်ဦးနှင့်မင်းပြားက လယ်သမားများကို AA က မျိုးစပါးထောက်ပံ့
DVB
·
August 7, 2025

ရခိုင်ပြည်နယ်မှာ ဇူလိုင်လအတွင်းက ရေကြီးမှုကြောင့် ပျက်စီးသွားတဲ့ မြောက်ဦးနဲ့ မင်းပြားမြို့နယ်က လယ်သမားတွေကို အာရက္ခပြည်သူ့အစိုးရက မျိုးစပါးတွေ ထောက်ပံ့ခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။

မြောက်ဦးမြို့နယ်က ကျွဲတဲ၊ ဘူးတလုံး၊ အမြောက်တောင်၊ နဂါးကွေ့ စတဲ့ ကျေးရွာတွေနဲ့ မင်းပြားမြို့နယ်က ပန်းမြောင်းကြီး ချောင်းအတွင်းက ချင်းဆိပ်၊ တောတန်း၊ မြင်းကဆိပ်၊ ဝါးတောင်၊ ဒုံကြီးနန့် ကုလားမတောင် စတဲ့ကျေးရွာတွေက လယ်သမားတွေကို ဩဂုတ် ၆ ရက်နေ့မှာ မျိုးစပါးတွေ ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။

မြောက်ဦးမြို့နယ်က ကျွဲတဲ၊ ဘူးတလုံး၊ အမြောက်တောင်၊ နဂါးကွေ့ စတဲ့ ကျေးရွာတွေမှာ ဇူလိုင် ဒုတိယအပတ်က ရေကြီးမှုကြောင့် ပျက်စီးခဲ့တဲ့ လယ်ဧက ရာနဲ့ချီအတွက် စိုက်ပျိုးဖို့ ပျိုးစပါးထောက်ပံ့ခဲ့တာလို့ ကျွဲတဲကျေးရွာက လယ်သမားတယောက်က ပြောပါတယ်။

“ရေနစ်မြုပ်ပြီး ပျက်စီးသွားတဲ့ လယ်ဧကတွေမှာ ပြန်စိုက်ဖို့ အာရက္ခပြည်သူ့အစိုးရ မျိုးစပါး ထောက်ပံ့တာ ရှိတယ်။ လယ်ပျက်စီးမှုအပေါ် မူတည်ပြီး မျိုးစပါး ထောက်ပံ့ပေးတာ။ လယ်သမားတွေမှာက မျိုးစပါးတွေ မရှိတော့တာကြောင့် မျိုးစပါး ထောက်ပံ့ပေးတော့ အဆင်ပြေသွားတာပေါ့။ ဒါပေမဲ့ စပါးစိုက်ဖို့ အချိန်က နှောင်းနေပြီဆိုတော့ အချိန်မီတော့မလားတော့ မသိတော့ဘူး။” 

မြောက်ဦးမြို့နယ်အတွက် အာရက္ခတပ်ပြည်သူအစိုးရ မျိုးစပါးတင်း ၁၀၀ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပြီး လယ်ပျက်စီးမှုအပေါ် မူတည်ပြီး လယ်သမားတွေကို ဖြန့်ဝေပေးခဲ့တာလို့ သိရပါတယ်။

ဒါအပြင် မင်းပြားမြို့နယ် ပန်းမြောင်ကြီးချောင်းထဲက ရေနစ်မြုပ်ပြီး လယ်ပျက်စီးသွားတဲ့ လယ်သမားတွေအတွက် မျိုးစပါးတင်း ၅၀၀ နီးပါးကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

မြင်းကဆိပ်ကျေးရွာ လယ်သမားတယောက်က “ကျနော်တို့ ပန်းမြောင်ကြီးချောင်းထဲက ကျေးရွာတွေမှာ လယ်ပျက်စီးမှုက အတော်များတယ်။ အဲဒီလယ်သမားတွေကို AA က မျိုးစပါးထောက်ပံ့ပေးတာ ရှိတယ်။ အဓိကတော့ ပြန်လည်ထွန်ယက်ကြဲဖို့ ထောက်ပံ့ပေးတာပေါ့။ ဒါပေမဲ့ လယ်သမား အများစုက ပျိုးစိုက်ဖို့ အားပြုနေကြပြီ။ အဓိကတော့ အချိန်နှောင်းနေပြီ ဖြစ်တာကြောင့် စပါးမထွက်မှာကို စိုးရိမ်နေကြတာ” လို့ ပြောပါတယ်။

ဇူလိုင်လအတွင်း ရခိုင်ပြည်နယ် မြို့နယ် ၈ ခုထက်မနည်းမှာ ရေကြီးခဲ့တာကြောင့် လယ်ဧက ထောင်နဲ့ချီ ပျက်စီးခဲ့ကြသလို ရေဘေးသင့် ပြည်သူ ၁၂,၀၀၀ ကျော်လည်း အကူအညီတွေ လိုအပ်ခဲ့ကြတယ်လို့ AA ရဲ့ HDCO က ထုတ်ပြန်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024