
ရုရှားရဲ့ ညလုံးပေါက်တိုက်ခိုက်မှုကြောင့် ယူကရိန်းအစိုးရရုံး မီးလောင်ကျွမ်းခဲ့ပြီး ကလေး ၁ ယောက် အပါအဝင် ၃ ယောက် သေဆုံးခဲ့ပါတယ်။
ရုရှားရဲ့ စက်တင်ဘာ ၇ ရက် မနက်အစောပိုင်း တိုက်ခိုက်မှုဟာ လူ ၁၈ ယောက် ဒဏ်ရာရခဲ့ပြီး အစိုးရအဆောက်အအုံ အပါအဝင် အခြားအဆောက်အအုံတွေလည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ယူကရိန်းအစိုးရအဖွဲ့က တရားဝင်ပြောကြားထားပါတယ်။
ကိဗ်မြို့ မြို့တော်ဝန် ဗီတာလီကလစ်ကိုက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် ဒရုန်းတွေနဲ့ စပြီးတိုက်ခိုက်ခဲ့တာကြောင့် မြို့လယ်မှာရှိတဲ့ အစိုးရအဖွဲ့အဆောက်အအုံ မီးလောင်ကျွမ်းခဲ့တယ်လို့ ပြောပါတယ်။
ရိုက်တာ မျက်မြင်သက်သေတွေကလည်း မြို့တော်ရဲ့ ပီချာစကီခရိုင်မှာ မီးခိုးလုံးကြီး တက်လာတယ်လို့ ပြောပါတယ်။
ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကလေး ၁ ယောက်နဲ့ မိန်းကလေး ၁ ယောက် သေဆုံးခဲ့ကာ ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် လူ ၅ ယောက် ဒဏ်ရာကြောင့် ဆေးရုံတင်ထားရတယ်လို့ ကလစ်ကိုက တယ်လီဂရမ်မှာ ပြောထားပါတယ်။
ကလစ်ကိုရဲ့ အစောပိုင်းပြောကြားချက်ထဲမှာ ဒါနီစကီခရိုင်မှာ သက်ကြီးအမျိုးသမီးတစ်ဦး ဗုံးခိုကျင်းအတွင်း သေဆုံးခဲ့ပြီး တခြား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပါဝင်ပါတယ်။
ဒရုန်း တိုက်ခိုက်မှုကြောင့် ၄ ထပ်အဆောက်အအုံ မီးလောင်ခဲ့သလို ၉ ထပ် လူနေအဆောက်အအုံလည်း မီးလောင်ခဲ့တယ်လို့ ပြည်နယ်အရေးပေါ်အဖွဲ့က ပြောထားပါတယ်။
ဒရုန်းပြုတ်ကျတဲ့ အပျက်အစီးတွေကနေ မီးလောင်တာဖြစ်ပြီး ၁၆ ထပ်အဆောက်အအုံနဲ့ ၉ ထပ်အဆောက်အအုံ ၂ လုံးလည်း မီးလောင်ခဲ့တယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။ အိုဒီဆာရဲ့ တောင်ပိုင်းမြို့မှာ လူနေအဆောက်အအုံတွေ ပျက်စီးခဲ့ပြီး မီးလောင်မှုတွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။
ရုရှားကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို မှတ်ချက်ပေးတာမျိုး မရှိပါဘူး။ ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ယူကရိန်းကို ကျူးကျော်စစ် စတင်ခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပေမဲ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မရှိဘူးလို့တော့ ငြင်းဆန်ထားပါတယ်။
Source: Reuters