
လုံခြုံရေးအာမခံမှု တစိတ်တပိုင်းအဖြစ် ထောင်နဲ့ချီတပ်တပ်တွေ ယူကရိန်းမှာ ချထားမှာ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
ပြင်သစ်သမ္မတ မက်ခွန်းက ၂၆ နိုင်ငံဟာ ယူကရိန်းကို စစ်ပြီးခေတ် လုံခြုံရေးပေးမယ်လို့ စက်တင်ဘာ ၄ ရက်က ကတိပြုခဲ့တာဖြစ်ပါတယ်။
မက်ခွန်းက ယူကရိန်းရဲ့ မြေပိုင်နက်၊ ရေပိုင်နက်နဲ့ လေပိုင်နက်တွေမှာ နိုင်ငံတကာတပ်ဖွဲ့တွေ ချထားမှုလည်း ပါဝင်တယ်လို့ ပြောခဲ့တာပါ။
ဇလန်းစကီးက “ကျနော်တို့ ဆွေးနွေးမှုတွေအားလုံးက အရေးကြီးပါတယ်။ လုံခြုံရေးအာမခံမှုမှာ တပ်ဖွဲ့တွေချထားဖို့ပါပြီ။ တပ်ဖွဲ့ဝင်အရေအတွက် ထောင်နဲ့ချီ ချထားဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဇလန်းစကီးဟာ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကော်စတာနဲ့ ယူကရိန်း အနောက်ပိုင်းမှာ တွေ့ခဲ့ပြီးနောက် အခုလို ပြောခဲ့တာဖြစ်ပေမဲ့ ဆွေးနွေးမှုအသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုဖို့ စောလွန်းတယ်လို့ ထပ်မံပြောထားပါတယ်။
ယူကရိန်းမှာ နိုင်ငံတကာတပ်တွေ ချထားမယ်လို့ မက်ခွန်းက အစောပိုင်းမှာ ပြောဆိုထားပေမဲ့ နောက်ပိုင်းမှာ တချို့နိုင်ငံတွေက ယူကရိန်းနိုင်ငံ ပြင်ပကသာ လုံခြုံရေးအာမခံချက်ပေးမယ်လို့ ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးတာတွေ လေ့ကျင့်ရေးမှာ အကူအညီပေးတာတွေ ပြုလုပ်ပေးမယ်လို့ ဆိုတာဖြစ်ပါတယ်။
အနောက်နိုင်ငံတပ်ဖွဲ့တွေ ယူကရိန်းမှာ ချထားမယ်ဆိုရင် အဲ့ဒီတပ်ဖွဲ့တွေကလည်း ရုရှားနိုင်ငံရဲ့ တရားဝင် ပစ်မှတ်တွေ ဖြစ်လာနိုင်တယ်လို့ ပူတင်က ပြောပါတယ်။
Source: Reuters