
ယူကရိန်းနိုင်ငံမြောက်ပိုင်း ချန်နိဟိဗ်မြို့အနီးမှာ ရုရှားရဲ့ ဒုံးကျည်ပစ်ခတ်မှုကြောင့် ဒိန်းမတ်နိုင်ငံက ကူညီထောက်ပံ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးမစ်ရှင် အထူးအဖွဲ့က ၂ ယောက် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက စက်တင်ဘာ ၄ ရက်မှာ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း နောက်ထပ် ၃ ယောက်လည်း ဒဏ်ရာရရှိခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ ဒိန်းမတ်ဒုက္ခသည်ကောင်စီမှ အဖွဲ့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူး ဗီချက်စ်လက်ဗ် ချောက်စ်က ပြောပါတယ်။
သူတို့အားလုံးဟာ ယူကရိန်းနိုင်ငံသားတွေ ဖြစ်ကြတယ်လို့ RBK ယူကရိန်းမီဒီယာမှ ဒေသတာဝန်ရှိသူတယောက်ရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ပါတယ်။
မီးလောင်နေတဲ့ လယ်ကွင်းထဲမှာ ဒိန်းမတ်ဒုက္ခသည်ကောင်စီလိုဂိုနဲ့ အမှတ်အသားပါတဲ့ ဗင်ကား အနည်းဆုံးတစီး ဆိုးဆိုးရွားရွား ပျက်စီးသွားတာကို ရိုက်တာရဲ့ ဗီဒီယိုဖိုင်မှာ ပြသထားပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ရုရှားတပ်ဖွဲ့တွေဟာ ချန်နိဟိဗ်ဒေသရှိ ဒရုန်းပစ်လွှတ်တဲ့ နေရာတခုကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ရုရှားဟာ ယူကရိန်းစစ်ပွဲရဲ့ ရှေ့တန်းစစ်မျက်နှာပြင်ရဲ့ အနောက် အတော်ဝေးဝေးကို ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ပုံမှန်ပစ်လွှတ်လေ့ရှိပြီး အရပ်သားတွေကို ပစ်မှတ်ထားတယ် ဆိုတာကိုတော့ အမြဲငြင်းဆိုနေတာ ဖြစ်ပါတယ်။
Source: Reuters