
ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအာမခံပေးဖို့ အသင့်ဖြစ်နေပြီလို့ ပြင်သစ်သမ္မတ မက်ခွန်းက စက်တင်ဘာ ၃ ရက်မှာ ပြောပါတယ်။
ယူကရိန်းကို ဆန္ဒရှိသူများ မဟာမိတ်တွေက ထောက်ပံ့ခံပေးဖို့ အသင့်ရှိကြောင်းလည်း မက်ခွန်းက ပြောခဲ့တာပါ။ မက်ခွန်းနဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ဟာ မဟာမိတ်အဖွဲ့တွေနဲ့ မတွေ့မီ အယ်လီဇေးနန်းတော်မှာ သီးသန့်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ဇလန်းစကီးဟာ နော့ဒစ်နဲ့ ဘဲတစ်နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ဒိန်းမတ်ကို မသွားခင် မက်ခွန်းနဲ့ ပါရီမှာ တွေ့ဆုံခဲ့တာပါ။
“ယူကရိန်းနဲ့ ယူကရိန်းနိုင်ငံသားတွေရဲ့ လုံခြုံရေးကို ဥရောပသားများအဖြစ် လုံခြုံရေး အာမခံချက်ပေးမဲ့ ကမ်းလှမ်းမှုပြုလုပ်ဖို့ အသင့်ပါပဲ။ ပြင်ဆင်စရာရှိတာတွေ အားလုံးလည်း ပြင်ဆင်ထားပြီးပါပြီ” လို့ မက်ခွန်းက ပြောပါတယ်။
ဇလန်းစကီးက ဥရောပ၊ ယူကရိန်းနဲ့ အမေရိကန်တို့ဟာ သံတမန်နည်းနဲ့ ပြဿနာကို ဖြေရှင်းဖို့ ဦးတည်နေပေမဲ့ ရုရှားဘက်က စစ်ပွဲကို အဆုံးသတ်စေချင်တဲ့ပုံစံ မရှိတဲ့အကြောင်း ပြောခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေရဲ့ စက်တင်ဘာ ၃ ရက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေး အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
၃ နှစ်ခွဲကျော်ကြာ စစ်ပွဲကို အဆုံးသတ်ဖို့ နိုင်ငံတကာက တွန်းအားပေးနေပြီး ယူကရိန်းက ရုရှားရဲ့ တိုက်ခိုက်မှုတွေအတွက် လုံခြုံရေးအာမခံချက်ရှိဖို့ ဆန္ဒရှိနေပါတယ်။
ဇလန်းစကီးဟာ မက်ခွန်းနဲ့ တွေ့ပြီးနောက် နော့ဒစ်နဲ့ ဘဲတစ် ခေါင်းဆောင်တွေ့ဆုံခဲ့ချိန်မှာ ဆောင်းရာသီမတိုင်မီ လေကြောင်းကာကွယ်ရေးစနစ်က အရေးပါတဲ့ မဟာဗျူဟာဖြစ်ကြောင်း ပြောပါတယ်။
ဇလန်းစကီးဟာ ဒိန်းမတ်ဝန်ကြီးချုပ် ဖရက်ဒရစ်ဆန်နဲ့တွေ့ဆုံချိန်မှာ ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြီး တပတ်လုံး တိုက်ခိုက်တာကိုကြည့်ရင် စစ်ပွဲရပ်ချင်တဲ့ပုံစံ မပေါ်ဘူးလို့ ဆိုပါတယ်။
နော့ဒစ်နဲ့ ဘဲတစ်ခေါင်းဆောင်တွေက ရုရှားစစ်ပွဲမှာ ယူကရိန်းကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။ ယူကရိန်း ကာကွယ်ရေးပစ္စည်းထုတ်ကုမ္ပဏီတခုက ဒိန်းမတ်မှာ တာဝေးပစ်ဒုံးကျည်တွေအတွက် လောင်စာတွေ စပြီးထုတ်လုပ်မယ်လို့ ဒိန်းမတ်အစိုးရက ပြောထားပါတယ်။
ဖလာမင်ဂိုဒုံးကျည်တွေ ထုတ်လုပ်တဲ့ Fire Point ကုမ္ပဏီဖြစ်ပြီး ဒီကုမ္ပဏီက ဒိန်းမတ်နိုင်ငံရဲ့ အအောင်မြင်ဆုံး ဒုံးကျည်ထုတ်လုပ်တဲ့ကုမ္ပဏီ ဖြစ်တယ်လို့ ဇလန်းစကီးက ပြောပါတယ်။
လောင်စာထုတ်တဲ့ နေရာဟာ F-16 ဖိုက်တာဂျက်တာ ဂျက်လေယာဉ်တွေအတွက် လောင်စာထုတ်တဲ့ ဒိန်းမတ်လေတပ်အနီးမှာ ဖြစ်မယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters