
ယူကရိန်းလွှတ်တော်ဥက္ကဋ္ဌဟောင်း အန်ဒရီ ပါရူဘီယီ ဟာ နိုင်ငံအနောက်ပိုင်း လက်ဗျူးမြို့မှာ သြဂုတ် ၃၀ ရက်က ပစ်သတ်ခံခဲ့ရပြီး လူသတ်သမားကိုတော့ ရှာဖွေနေဆဲ ဖြစ်ပါတယ်။
ကုန်ပစ္စည်းလိုက်ပို့သူ အယောင်ဆောင်ထားတဲ့ သေနတ်သမားတယောက်က ပါရူဘီယီ ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ အစိုးရ ရှေ့နေချုပ်ရုံးက ပြောပါတယ်။
တိုက်ခိုက်သူဟာ လျှပ်စစ်စက်ဘီးနဲ့ ထွက်ပြေးသွားခဲ့ပြီး ဆက်ရှာနေတယ်လို့ သူတို့က ပြောပါတယ်။
အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ ပါရူဘီယီဟာ လွှတ်တော်အမတ်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဧပြီလကနေ ၂၀၁၉ ခုနှစ် သြဂုတ်လအထိ လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူပါ။
၂၀၀၄ နဲ့ ၂၀၁၄ ဆန္ဒပြပွဲတွေမှာ ယူကရိန်းရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တယောက်လည်းဖြစ်ပြီး ၂၀၁၃-၁၄ ခုနှစ်မှာ ဥရောပသမဂ္ဂနဲ့ ပိုနီးနီးကပ်ကပ် ဆက်ဆံဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေရဲ့ ခေါင်းဆောင်တယောက်လည်း ဖြစ်ပါတယ်။
သူဟာ ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲတွေစအပြီး ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားတို့သိမ်းပိုက်ခဲ့တဲ့ ဖေဖော်ဝါရီလကနေ ဩဂုတ်လအထိ ယူကရိန်းအမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီရဲ့ အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။
လူသတ်မှုဟာ ယူကရိန်းနိုင်ငံထဲက ရုရှားစစ်ပွဲနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိ၊ မရှိ အာဏာပိုင်တွေက ချက်ချင်း အရိပ်အယောင် မပြခဲ့ပါဘူး။
လက်ဗျူးမြို့က ပစ်ခတ်မှုဟာ နေ့ခင်းကြောင်တောင်မှာဖြစ်ခဲ့တာလို့ အမျိုးသားရဲတပ်ဖွဲ့က ပြောပါတယ်။
မြို့တော်ဝန် အန်ဒရီ စာဒိုယီ က လူသတ်သမားကိုရှာဖို့နဲ့ တိုက်ခိုက်မှု အခြေအနေတွေကို ဖော်ထုတ်ဖို့က အရေးကြီးဆုံးလို့ ပြောပြီး သမ္မတ ဇလန်းစကီးကတော့ ဒီသတ်ဖြတ်မှုဟာ အင်မတန် ဆိုးယုတ်တဲ့ လူသတ်မှုလို့ ပြောပါတယ်။
ယူကရိန်း သမ္မတဟောင်း ပေထရို ပိုရိုရှန်ကို က ဒီလုပ်ကြံမှုဟာ ယူကရိန်းပြည်သူတွေရဲ့ နှလုံးသားကို ပစ်ခတ်ခဲ့တာလို့ ပြောခဲ့ပါတယ်။
Source: Reuters