Home
နိုင်ငံတကာ
ယူကရိန်း ရှေ့တန်းတလျှောက်လုံးကို ထိုးစစ်ဆင်နေဟု ရုရှားစစ်ဦးစီးချုပ် ပြော
DVB
·
August 31, 2025
Photo: Russian Defence Ministry/Handout via REUTERS

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံက ရှေ့တန်းတလျှောက်လုံးမှာ မရပ်မနား ထိုးစစ်ဆင်နေတယ်လို့ ရုရှားစစ်ဦးစီးချုပ် ဗလေရီ ဂျေရာစီမော့ဗ်က သြဂုတ် ၃၀ ရက်မှာ ပြောပါတယ်။

သူ့ရဲ့လက်ထောက်တွေကို မိန့်ခွန်းပြောတဲ့ ရုပ်သံကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။

ရုရှားဟာ ယူကရိန်းနိုင်ငံ လူဟန့်စ်ခ် ဒေသရဲ့ ၉၉. ၇ ရာခိုင်နှုန်း၊ ဒန်ညက်စ်ဒေသရဲ့ ၇၉ ရာခိုင်နှုန်း၊ ဇာပိုရစ်ရှားဒေသရဲ့ ၇၄ ရာခိုင်နှုန်း နဲ့ ခါဆွန်ဒေသရဲ့ ၇၆ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ သူက မိန့်ခွန်းထဲမှာ ပြောပါတယ်။

မတ်လကတည်းက ရုရှားဟာ ယူကရိန်းနိုင်ငံထဲက နယ်မြေ (၁,၃၅၁ စတုရန်းမိုင်) ကျော်ကျော်ကို သိမ်းပိုက်ခဲ့ပြီး ရွာပေါင်း ၁၄၉ ရွာကို သိမ်းပိုက်ခဲ့တယ်လို့ ဂျေရာစီမော့ဗ်က  ထပ်လောင်းပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ ဇာပိုရစ်ရှားဒေသကို ရုရှားက တိုက်ခိုက်လို့ လူတယောက် သေဆုံးပြီး ကလေး ၃ ယောက်အပါအဝင် ၂၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး အိုင်ဗန် ဖှေဒိုရေ့ာဗ်က သြဂုတ် ၃၀ ရက်မှာ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လူနေအဆောက်အအုံ ၁၄ လုံး ပျက်စီးခဲ့ပြီး လျှပ်စစ်ဓာတ်အားနဲ့ ဓာတ်ငွေ့ မထောက်ပံ့နိုင်တော့ဘူးလို့ တယ်လီဂရမ် ပေါ်ကနေ သူက ဆက်ပြောပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားအစိုးရဟာ ယူကရိန်းအပေါ် အကြီးအကျယ် အသစ် တကျော့ တိုက်ခိုက်ဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးအတွက် ပြင်ဆင်ချိန်ကို အသုံးချ ခဲ့တယ်လို့ ပြောပါတယ်။

ညလုံးပေါက် တိုက်ခိုက်မှုအတွင်း ရုရှားက ပစ်လွှတ်တဲ့ ဒုံးကျည် ၄၅ စင်းအနက် ၃၈ စင်းနဲ့  ဒရုန်း ၅၃၇ စင်းထဲက အစင်း ၅၁၀ ကို ပစ်ချခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013