
လုံခြုံရေးအာမခံချက် ပေးအပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ယူကရိန်းမှာ နိုင်ငံခြားတပ်ဖွဲ့တွေ တပ်စွဲမှာကို လက်မခံနိုင်ဘူးလို့ ရုရှားဘက်က တုံ့ပြန်လိုက်ပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူပြီးတာနဲ့ နောက်တနေ့မှာ အနောက်မဟာမိတ် ၂၆ နိုင်ငံက တပ်ဖွဲ့တွေ ယူကရိန်း “ကုန်းမြေ၊ ရေပြင်နဲ့ ဝေဟင်” မှာ တပ်စွဲဖို့ တရားဝင် ကတိပြုထားပြီ ဖြစ်တယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းက ပြောကြားခဲ့အပြီးမှာ အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။
“ဆန္ဒရှိသူများညွန့်ပေါင်းအဖွဲ့” လို့ ထင်ရှားတဲ့ နိုင်ငံ ၃၅ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ အမေရိကန်ဘက်က ပံ့ပိုးမှုကိုလည်း လာမယ့်ရက်ပိုင်းအတွင်း အပြီးသတ်မယ်လို့ ပြင်သစ်သမ္မတက ထုတ်ပြန်ထားပါတယ်။
အမေရိကန်ဟာ လေကြောင်းပံ့ပိုးမှုပုံစံမျိုး ဖြစ်နိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောထားသလို “ယူကရိန်းဝေဟင်အတွက် အမြင့်မားဆုံးအကာကွယ်ပေးဖို့” အကြောင်း ထရမ့်ပ်နဲ့ ပြောဆိုဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောထားပါတယ်။
ရုရှားရဲ့ စီးပွားရေးနည်းလမ်းနဲ့ လည်ပတ်နေတဲ့ စစ်ယန္တရား ရပ်တန့်စေဖို့ ရေနံနဲ့ ဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်းရေး ဥရောပသမဂ္ဂ (EU) ဟာ အမေရိကန်နဲ့ လက်တွဲဆောင်ရွက်သင့်တယ်လို့ ထရမ့်ပ်က ပြောထားပါတယ်။
အဖွဲ့ဝင် ၂၇ နိုင်ငံပါ ဥရောပသမဂ္ဂဟာ ရုရှားဆီက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဆက်ဝယ်ယူနေဆဲဖြစ်ပြီး ၂၀၂၇ ခုနှစ်အကုန်မှာမှ တင်ပို့မှုအားလုံး ရပ်ဆိုင်းဖို့ ရည်ရွယ်ထားပါတယ်။
တနှစ်အတွင်း EU နိုင်ငံတွေကို ရောင်းချမှုကနေ ရုရှားဟာ ယူရို ၁ ဒသမ ၁ ဘီလီယံတောင် ရတယ်လို့ အမေရိကန်ဘက်က ထောက်ပြပါတယ်။ ဒါဟာ ခန့်မှန်းမှုပဲဖြစ်ပြီး ဒီထက်တောင် များနိုင်သေးတယ်လို့ ဆိုပါတယ်။
အနောက်နိုင်ငံတွေက တပ်ဖွဲ့တွေ ယူကရိန်းမှာ တပ်စွဲမှာကို လက်မခံကြောင်း မော်စကိုက အတိအလင်း ပြောထားပြီးတော့ လုံခြုံရေးအာမခံသူတွေထဲက တနိုင်ငံဟာ ရုရှားကိုယ်တိုင် ဖြစ်သင့်တယ်လို့ ပြောထားပါတယ်။
ယူကရိန်းနဲ့ မဟာမိတ်တွေကတော့ ရုရှားရဲ့ သဘောထားကို ပယ်ချထားပါတယ်။
Source: Reuters