ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ အမှတ် ၁ ရပ်ကွက်၊ ကမ်းနားလမ်းက မြို့မဈေးဟောင်း စက်တင်ဘာ ၃၀ ရက် ညက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းအများအပြား ပျက်စီးဆုံးရှုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မီးလောင်မှုမှာ စက်တင်ဘာ ၃၀ ရက် ည ၉ နာရီကျော်ကျော်က ဖြစ်ပွားပြီး မီးလောင်မှုကြောင့် အမှတ် ၁ ရပ်ကွက် ကမ်းနားလမ်း မြို့မဈေးသစ်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဈေးဆိုင်ခန်းပေါင်း ၈ ခန်းလောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “မီးလောင်မှု အားကောင်းတော့ မိနစ်ပိုင်းအတွင်း ဈေးဆိုင်ခန်းတွေ မနည်း မီးထဲပါသွားတာ။ မီးထဲပါသွားတဲ့ဆိုင်တွေကတော့ အစုံပါပဲ၊ ဆုံးရှုံးမှုများတယ်” လို့ ပြောပါတယ်။
အဲဒီ မီးလောင်မှုကို ကန်ကြီးထောင့်မြို့နယ် မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ယာဉ် ၄ စီး အသုံးပြုကာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ ဒေသခံတွေနဲ့ ပူးပေါင်းငြှိမ်းသတ်တာကြောင့် ည ၉ နာရီ မိနစ် ၅၀ ခန့်မှာ လုံးဝ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “သက်ဆိုင်ရာက မီးလောင်ကျွမ်းမှုအကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကို အသေးစိတ် စစ်ဆေးနေပါတယ်။ တချို့ ရပ်ကွက်ထဲက မျက်မြင်တွေ့တဲ့ ဒေသခံတွေကတော့ အမှတ် ၁ ရပ်ကွက် ကမ်းနားလမ်း ဘီယာဆိုင်က စလောင်တာလို့ ပြောကြတယ်။ သက်ဆိုင်ရာက စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် လူတွေ ထိခိုက်သေဆုံးတာမရှိဘဲ ဆိုင်ခန်းတွေသာ ပျက်စီးခဲ့တာဖြစ်ပြီး သက်ဆိုင်ရာက မီးလောင်ဆုံးရှုံးသွားတဲ့ ဆိုင်ခန်းတွေရဲ့ ပိုင်ရှင်တွေကို စနစ်တကျ စစ်ဆေး အတည်ပြုနေတယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့ ကန်ကြီးထောင့်မြို့မဈေးဟောင်းမှာ ကုန်စုံဆိုင်၊ အလှကုန်ပစ္စည်း၊ အသားငါးဆိုင် စတဲ့ ဆိုင်ခန်းပေါင်း ၁၅ ဆိုင်ထက်မနည်း ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လကလည်း ကန်ကြီးထောင့်မြို့မဈေး မီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၇၅ ခန်းနဲ့ နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။