
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှာ အောက်တိုဘာ ၁ ရက် ညနေ ၄ နာရီလောက်က မီးလောင်ပြီး လူနေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဟိုပင်မြို့၊ မြို့မတောင် အလယ်ပိုင်းရပ်ကွက်ရှိ အားရှင်း (အလှပြင်မိတ်ကပ်) ဆိုင်ဘေးရှိ နေအိမ်တလုံးကနေ မီးပလပ်ခုံ အပူလွန်ကဲရာကနေတဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးနားက နေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
ဟိုပင်မြို့ခံ အမျိုးသမီးတယောက်က “မီးလောင်အားကောင်းတော့ အိမ်တွေပျက်စီးမှု များသွားတာ။ အခုမီးလောင်တဲ့ အိမ်တွေက ဘေးချင်းကပ်အိမ်တွေပါ။ ဆင့်ကဲမီးကူးစက်လောင်ကျွမ်းမှုဖြစ်တာ” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ပျဉ်ထောင်၊ သွပ်မိုး ၂ ထပ်နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်မှုကို မြစ်ကြီးနားမြို့က မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၃ စီး အသုံးပြုပြီး မီးငြှိမ်းသတ်ခဲ့ရာ ၇ နာရီဝန်းကျင်မှာ လုံးဝမီးငြိမ်းသွားတယ်လို့ သိရပါတယ်။
မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “မီးလောင်မှုကြောင့် အိမ်တွေပဲ ပျက်စီးဆုံးရှုံးခဲ့တာပါ။ လူတွေထိခိုက်တာ မရှိပါဘူး။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးတွက်ချက်နေပါတယ်” လို့ ပြောပါတယ်။
မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်လို့ မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင်ကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးနေပါတယ်။
စက်တင်ဘာ ၂၂ ရက်ကလည်း မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်က နေအိမ်တလုံးမှာ လျှပ်စစ်မီးပလပ်ခုံ အပူလွန်ကဲရာက မီးလောင်ပြီး နေအိမ်တလုံး မီးလောင်ပျက်စီးခဲ့ပါတယ်။