Home
မြန်မာသတင်း
ဘုတလင် စစ်ရှောင်စခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး
DVB
·
October 6, 2025
Photo: ဘုတလင်မြို့နယ် လူသားစာနာတာဝန်ခံ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲမှာရှိတဲ့ နှစ်ရှည်​ စစ်ဘေးရှောင်စခန်းတခုကို စစ်ကောင်စီတပ်က အောက်တိုဘာ ၄ ရက်မှာ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားလို့ စစ်ဘေးရှောင်တွေ ထပ်မံထွက်ပြေးနေကြရတယ်လို့ ​ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “ဘုတလင်မြို့နယ်ထဲမှာရှိတဲ့ ဇီးတောအနောက်ရွာနားက စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ အရပ်အခေါ် တဲတိုက်စစ်ရှောင်စခန်းတွေကို စစ်တပ်စစ်ကြောင်းက လာရောက်မီးရှို့ဖျက်ဆီးသွားကြတာ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မုံရွာ နမခ ကနေ အောက်တိုဘာ ၃ ရက်မှာ စတင်ထွက်လာတာဖြစ်ပြီး ဇီးတောအနောက်ကျေးရွာမှာ တည တပ်စွဲနေခဲ့ကာ ကျေးရွာအနီးမှာ ရှိတဲ့ စစ်ဘေးရှောင်စခန်းကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဆိုပါတယ်။

ဘုတလင်မြို့နယ် လူသားစာနာတာဝန်ခံက “ဇီးတောအနောက်ရွာ ဆိုတာက မုံရွာ-ဘုတလင် ကားလမ်းပေါ်က ဘုတလင်မြို့နယ်အဆုံးမှာ ရှိတဲ့ ရွာတရွာ ဖြစ်ပါတယ်။ မုံရွာ နမခ က ထွက်လာတဲ့ စစ်ကြောင်းတိုင်းလိုလို ဇီးတောအနောက်ရွာကို စစ်ကြောင်းထိုးလေ့ရှိပြီးတော့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး​တာတွေ မကြာခဏလုပ်နေလို့ အဲဒီရွာခံတွေက နီးစပ်တဲ့ တောတောင်တွေထဲမှာ တစု တစုဆီ တဲတိုက်တွေထိုးပြီး နေထိုင်နေကြရတာ ၂ နှစ်ကျော် ၃ နှစ်နီးပါး ရှိနေ​ကြပါပြီ။ လူဦးရေအားဖြင့်ကတော့ ၁,၅၀၀ ဝန်းကျင်ရှိတယ်။ အဲဒီစစ်ကြောင်းက ဇီးတောအနောက်ရွာထဲမှာ တညအိပ်ပြီး ရွာနဲ့မလှမ်းမကမ်းက စစ်ရှောင်တဲတိုက်တွေဘက်ကို စစ်ကြောင်းထပ်ထိုးတာ။ စစ်ဘေးရှောင်တွေလည်း သူတို့တဲတိုက်တွေကနေ ထပ်ပြီး ပြေးရတာပေါ့။ ကျန်နေခဲ့တဲ့ တဲတိုက်တွေထဲက ၅ လုံးလောက် မီးရှို့ခံရတယ်။ စစ်ရှောင် ၅ ယောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းသွားပြီးတော့ သူတို့စစ်ကြောင်း ပြန်ခေါက်တဲ့နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရတယ်ဗျ။ ပြန်လွတ်လာတဲ့သူတွေနဲ့တော့ လူချင်းမတွေ့ရသေးဘူး” လို့ DVB ကို ပြောပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အောက်တိုဘာ ၄ ရက် ညနေပိုင်းမှာတော့ မုံရွာ နမခ ထဲကို ပြန်လည် ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

ဇီးတောအနောက်ကျေးရွာက နှစ်ရှည်စစ်ဘေးရှောင်တွေကိုတော့ ဘုတလင်မြို့နယ် လူသားစာနာအဖွဲ့ကပဲ လိုအပ်တဲ့ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးနေရတယ်လို့ လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013