
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အောက်တိုဘာ ၂ ရက် မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပြီး ကိုရင် ၃ ပါး လက်နက်ကျည်ထိမှန် ပျံလွန်တော်မူကာ ကိုရင် ၈ ပါး ထိခိုက်ဒဏ်ရာရသွားပါတယ်။
မနေ့ မနက်ပိုင်းမှာ ရွှေဘိုမြို့ပြင်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲပြီးတဲ့နောက် ရွှေဘိုမြို့ အမှတ် ၈ လေ့ကျင့်ရေးတပ်၊ ဘိုတဲကုန်းရွာအနီး စစ်ကောင်စီတပ် အထိုင်စခန်းတွေက လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ပစ်ကူပေးတဲ့ လက်နက်ကြီးက ချီပါတောင်ရွာက အောင်မြေဘုန်းတော်ကြီးကျောင်းဝင်းရှိ ချမ်းမြေ့ကျောင်းတိုက်အတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံက ပြောပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အောင်မြေဘုန်းတော်ကြီးကျောင်းက စာသင်စာချ သက်တော် ၁၂ နှစ်နဲ့ ၁၃ နှစ်အရွယ် သာမဏေကိုရင် ၃ ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင် ၈ ပါး ဗုံးစထိမှန် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေဘိုမြို့ခံတယောက်က “မနက် ၁၀ နာရီခွဲ ၁၁ မတ်တင်းလောက်မှာ ဟောင်ဝစ်ဇာတွေနဲ့ ၁၈ လုံးလောက်ပစ်တာ၊ ၅ လုံးမြောက်လောက်မှာ အောင်မြေကျောင်းထဲကို ကျတာ။ လေ့ကျင့်ရေး ၈ နဲ့ ပျူရွာကြားက ပစ်တဲ့ အလုံးက ကျတာ၊ ရွှေဘိုတမြို့လုံးသိပါတယ်၊ တအားပစ်တဲ့အခါ မြို့ထဲက လူတွေလည်း ကြောက်ပြီးတော့ မြို့သူမြို့သားတွေလည်း အပြင်ကို မထွက်ရဲဘူး။ မြင်နေကြရတယ်၊ ဒဂျိန်း ဒဂျိန်းနဲ့ ပစ်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးဌာနကတော့ ရှော့တိုက်ဒုံးနဲ့ PDF က ပစ်ခတ်လို့ ကိုရင်တွေ ထိခိုက်ပျံလွန်တာလို့ အောက်တိုဘာ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းက အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၄ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။