ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ရာ နမ္မတူနဲ့ မန်တုံကို အောက်တိုဘာ ၂ ရက် ဒီနေ့မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်က ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “နမ္မတူ ရပ်ကွက် ၈ ပုဗ္ဗာရုံကျောင်းနားမှာ လေယာဉ်နဲ့ ဗုံးကြဲသွားတာ။ အဲဒီဗုံးကြဲတဲ့နေရာမှာ လသား အရွယ်ကလေးလည်း ပြာဖြစ်ပြီလားမသိ ပျောက်ဆုံးနေတယ်” လို့ ပြောပါတယ်။
လေယာဉ်ဗုံးကြောင့် ဒေသခံ ပြည်သူ ၃ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် ၈ ယောက် ထိခိုက်ဒဏ်ရာရထားကြောင်း ကနဦး သိရတယ်လို့ ဒေသခံက ပြောပါတယ်။
“လေးငါးအိမ်တော့ လုံးဝ ပျက်စီးသွားပြီ၊ တခြားအိမ်တွေတော့ လေဟပ်လို့ မှန်တွေကွဲသွားတာ ရှိသလို နေအိမ်တွေ တော်ဝောာ်များများ ပျက်စီးသွားတယ်။”
စစ်ကောင်စီတပ်က နမ္မတူကို ဒီနေ့မနက် ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲသွားသလို မန်တုံမြို့ရှိ အရင် စစ်ကောင်စီတပ်ရဲ့ နေရာဟောင်းမှာ ဗုံးကြဲခံရပြီး လူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အတည်ပြု ထုတ်ပြန်ထားပြီး ဖြစ်စဥ် အသေးစိတ် အချက်အလက်တွေကို ဆက်လက်ဖော်ပြသွားမယ်လို့ သတင်းထုတ်ထားပါတယ်။