စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖန်းခါးဇင်ရွာကို စစ်တပ်က စက်တင်ဘာ ၂၉ ရက် နေ့လယ် ၂ နာရီ မိနစ် ၂၀ ခန့်မှာ Gyrocopter ၃ စီးနဲ့ ဗုံးကြဲချတာကြောင့် ဒေသခံတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ Gyrocopter ၃ စီးဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ ကနေ လာရောက်ကြဲချတာလို့ ဆိုပါတယ်။
ဒေသခံရွာသားတယောက်က “ဘာသတင်းရလို့တော့ မသိဘူး။ Gyrocopter ၃ စီးနဲ့ကို ဗုံးကြဲချသွားတာဗျ။ ဒေသခံအမျိုးသမီးတဦး သေဆုံးတယ်။ ဘုန်းတော်ကြီးကျောင်းလည်း ပျက်စီးသလို ရေကန်တွေလည်း ပျက်စီးတယ်။ ကျောင်းဝန်းထဲက အုန်းပင်တွေလည်း ပျက်စီးတယ်။ ကျနော်တို့ ရွာသားတွေလည်း ကြောက်လန့်ပြီး ရွာအပြင်ထွက် ပြေးနေကြရတယ်” လို့ ပြောပါတယ်။
ဖန်းခါးဇင်ရွာဟာ ရေဦးမြို့ မြောက်ဘက်မှာ တည်ရှိပြီး အိမ်ခြေ ၁၀၀ နီးပါးခန့်ရှိတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။
ရေဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “စစ်တပ်ကတော့ဗျာ ပြောစရာစကားကို မရှိတော့ပါဘူး။ ဘာပဲဖြစ်နေဖြစ်နေလေဗျာ သာသနအဆောက်အဦကို ဗုံးကြဲခွင့်ရှိလား။ ပြည်သူပေးတဲ့လစာ ယူထားတဲ့ ပြည်သူကို ကာကွယ်ပေးမယ်ဆိုတဲ့ စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာကို လေယာဉ်နဲ့ ဗုံးကြဲခွင့်ရှိလား။ အခုလိုလုပ်နေတဲ့ မအလစစ်တပ်ကြီး ပြည်သူ့ကျိန်စာ သင့်လာပါမယ်လို့ပဲ ပြောချင်တယ်” လို့ ပြောပါတယ်။
ရေဦးမြို့နယ်၊ ဖန်းခါးဇင်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က Gyrocopter ၃ စီးနဲ့ ဗုံးသီး ၂ လုံး ကြဲချ တိုက်ခိုက်သွားတာလို့လည်း သိရပါတယ်။