Home
မြန်မာသတင်း
ကြို့ပင်ကောက်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ၁၀ တန်းကျောင်းသား ၁ ဦး သေဆုံး
DVB
·
September 30, 2025
Photo: သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၁
Photo: သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၁
Photo: သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၁
Photo: သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၁
Photo: သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၁

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်းမှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာကျက်နေတဲ့ ၁၀ တန်းကျောင်းသားတယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “ကြို့ပင်ကောက်မြို့နယ်ထဲက အလယ်ကုန်းရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲသွားလို့ စာမေးပွဲတွင်းမို့ အိမ်ပေါ်မှာစာကျက်နေတဲ့ ၁၀ တန်းကျောင်းသားတယောက် သေဆုံးခဲ့တာပါ။ သူတို့အိမ်လည်း ရစရာမရှိအောင် ပျက်စီးသွားခဲ့ပါတယ်” လို့ ပြောပါတယ်။

စစ်တပ်က ဒရုန်းနဲ့ကြဲချတဲ့ ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့တဲ့ နေအိမ်မှာ မိသားစုဝင် ၄ ယောက်ရှိပြီး အခုသေဆုံးသွားသူဟာ အငယ်ဆုံးသားဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် ၁၀ တန်းကျောင်းသား မောင်အိုင်းစတိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။

သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၁ တပ်ခွဲမှူး ကိုကရင်လေးက “ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းကနေ လွှတ်တင်လိုက်တဲ့ ဒရုန်းဖြစ်တယ်လို့ သိရတယ်။ ၄ လုံးကြဲသွားတာမှာ ၂ လုံးကကွဲပြီးတော့ ၂ လုံးက မကွဲဘူး။ ဆုံးသွားတဲ့ အိုင်းစတိုင်း တို့အိမ်ပေါ် တည့်တည့်ကိုကျတဲ့ နှစ်လုံးစလုံး ကွဲသွားတာပါ။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ပြည်သူကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

သေဆုံးသွားတဲ့ မောင်အိုင်းစတိုင်းရဲ့ မိဘ ၂ ယောက်နဲ့ အစ်ကိုဖြစ်သူ​တို့ကတော့ အိမ်အောက်မှာ ရှိနေကြတဲ့အတွက် မစိုးရိမ်ရတဲ့ဒဏ်ရာတွေသာ ရရှိခဲ့ကြတယ်လို့လည်း သူကဆက်ပြောပါတယ်။

အဆိုပါ အလယ်ကုန်းရဲစခန်းမှာ တပ်စွဲနေကြတဲ့ စစ်တပ်လက်အောက်ခံတွေဟာ စက်တင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေကလည်း ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကြို့ပင်ကောက်မြို့နယ်နဲ့ အုတ်ဖိုမြို့နယ် အစပ်တွေမှာ ရှိကြတဲ့ ဒေါင်စပါးကွင်း၊ မြို့ကိုင်း၊ ဖလံပင်နဲ့ ရွာသစ်ကျေးရွာတွေထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပြည်သူပိုင်နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013