
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း ရေထွက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ TNLA က ဒီကနေ့ အောက်တိုဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ရေထွက်ကြီးကျေးရွာကို ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသားတယောက် သေဆုံးခဲ့ရသလို နေအိမ်တလုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၂၇ ရက်ကလည်း ကျောက်မဲမြို့နယ် နမ်ဆော့ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခတ်ခဲ့တာကြောင့် အမျိုးသားတယောက် ထိမှန် ဒဏ်ရာရရှိခဲ့သေးတယ်လို့လည်း TNLA က ဆိုပါတယ်။
စက်တင်ဘာလထဲမှာ စစ်တပ်က ကျောက်မဲမြို့နယ်ကို ၆ ကြိမ်၊ သီပေါမြို့နယ်ကို တကြိမ်၊ မိုးကုတ်မြို့နယ်ကို ၂ ကြိမ်နဲ့ မိုင်းလုံမြို့နယ်ကို တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
မြတ်သဇင်