
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တို့ အောက်တိုဘာ ၂ ရက် မနက် ၆ နာရီမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တဂဏန်းရွာဟာ ရွှေဘို-ဆားတောင်-စစ်ကိုင်းသွား ကားလမ်းမပေါ်မှာ တည်ရှိတဲ့ကျေးရွာ ဖြစ်တယ် ပါတယ်။
ဒေသခံ ရွာသားတယောက်က “ကျနော်တို့ရွာက ရွှေဘိုမြို့ တောင်ဘက်မှာ ရှိတာပါဗျ။ စစ်ပွဲဖြစ်တာက စစ်ကောင်စီ စစ်ကြောင်းက ရွှေဘိုမြို့ဘက်ကနေ စစ်ကြောင်းထွက်လာပြီး PDF အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ကြတာဗျ။ တိုက်ပွဲက ရုတ်တရက်ကြီးဖြစ်တာဆိုတော့ စစ်ပွဲအတွင်း ပိတ်မိတာတော့ရှိပါတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးဘက်က ရဲဘော်တယောက် ကျဆုံးပြီး စစ်ရေးအခြေအနေက ညနေပိုင်းအထိ တင်းမာနေတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တယောက်က “ရွှေဘိုမြို့ကနေ ခန့်မှန်းအင်အား ၃၀ လောက်နဲ့ တဂဏန်းရွာဘက်ကို ထွက်လာတာဗျ။ ဒါကို မသိဘဲ ကျနော်တို့ ရှေ့ကင်းရဲဘော် ထောက်လှမ်းဖို့ သွားရာမှာ ထိပ်တိုက်တိုးပြီး ပစ်သတ်ခံလိုက်ရတယ်။ အဲလို ပစ်ခတ်ခံရမှ စစ်တပ်လာနေပြီဆိုတာ သိလိုက်ရပြီး ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ကြတာဗျ။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က အကျအဆုံးများပြီး အရှင် ၄ ကောင်ကို ကျနော်တို့ဘက်က လက်ရဖမ်းဆီးမိခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ရွှေဘို-ဆားတောင်-စစ်ကိုင်းသွား ကားလမ်းမကြီးကို ပြန်လည်စိုးမိုးနိုင်ဖို့ စစ်ကိုင်းမြို့ဘက်ကရော ရွှေဘိုမြို့ဘက်ကပါ မြေပြင်ထိုးစစ်ဆင်မှုတွေ အင်းအားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ ရှိသလို ဝေဟင်ကပါ လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။
အခုလို စစ်တပ်ဘက်က ပြုလုပ်နေတာကြောင့် အရပ်သားသေဆုံးမှုတွေလည်း ရှိနေကာ ဒေသခံတွေ နေရပ်စွန့်ခွာလည်း ရှိနေပါတယ်။