Home
မြန်မာသတင်း
ကျောက်မဲမြို့ကို လက်လွှတ်လိုက်ရဟု TNLA အတည်ပြု
DVB
·
October 3, 2025
ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ပြန်လည် ထိန်းချုပ်ပြီးနောက်မြင်ကွင်း။ (Photo: DSINFO)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်ထံ လက်လွှတ်လိုက်ရတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အတည်ပြု ပြောပါတယ်။

စစ်ကောင်စီတပ်က ကျောက်မဲမြို့ပေါ်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ အဆိပ်ငွေ့ဗုံး အသုံးပြုတာနဲ့ အသေခံဒရုန်း အများအပြား အသုံးပြုပြီး ထိုးစစ်ဆင်လာတာကြောင့် TNLA တပ်ဖွဲ့ဝင်တွေ မြို့ထဲက ဆုတ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ ဝေဟင်စစ်ဆင်ရေးကို ပြုပြင်ပြောင်းလဲပြီးနောက် အသာစီးရတဲ့ အခြေအနေတွေကို မြင်တွေ့လာရတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက DVB ကို ပြောပါတယ်။

“အရင်တုန်းကဆိုရင် လေကြောင်းက ခပ်စိပ်စိပ်ပဲ ပေါ့နော်။ သူတို့ဘက်က အထိနာမှ သုံးတာမျိုးကို တွေ့ရတယ်။ အခုနောက်ပိုင်းက ထိုးစစ်ဆင်တာ လုပ်ပြီဆိုတာနဲ့ ပထမဆုံး လေကြောင်းနဲ့ ဗုံးလာကြဲမယ်၊ ပြီးရင် အဆင်မြင့်ဒရုန်းတွေ အသေခံဒရုန်း အများအပြားလာမယ်၊ အဆိပ်ငွေ့ဗုံးတွေ၊ လက်နက်ကြီးတွေ အဆင့်ဆင့် သွားတာမျိုး တွေ့ရပါတယ်။”

စစ်ကောင်စီတပ်က ဝေဟင်စစ်ဆင်ရေးကို အပြင်းအထန် ပြုလုပ်ပြီးနောက် မြေပြင်ကနေ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်တဲ့ နည်းဗျူဟာကို ပြောင်းလဲ အသုံးပြုလာတယ်လို့ လွေးယေဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကို အရင်ကထက် မြန်မြန်ဆန်ဆန်နဲ့ အရေအတွက်များများ အသုံးပြုလာနိုင်ပြီး အောက်တိုဘာ ၂ ရက် မနက်ပိုင်းမှာလည်း နမ္မတူနဲ့ မန်တုံမြို့ကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၃ ယောက် သေဆုံးကာ ၆ ယောက် ထိခိုက်ခဲ့တယ်လို့ TNLA က အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဝေဟင်အားသာချက်ရှိတဲ့ စစ်ကောင်စီတပ်အနေနဲ့ အရင်က လေကြောင်းပစ်ကူရဖို့ မြေပြင်တပ်မမှူးကနေ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဗဟိုအထိ အဆင့်ဆင့် တင်ပြတောင်းခံရတာကြောင့် အချိန်မီ  လေကြောင်းပစ်ကူမရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၅ ခုနှစ် အစောပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူ တောင်းခံတဲ့ စနစ်ကို ပြုပြင်ပြောင်းလဲခဲ့ပြီး မြေပြင်က စစ်ဆင်ရေးတပ်မှူး၊ တပ်မမှူးနဲ့ တိုင်းမှူးအဆင့်နဲ့ လေကြောင်းပစ်ကို တိုက်ရိုက်တောင်းခံနိုင်လာတယ်လို့ CDM စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ MDSI က ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကိုလည်း ဝေဟင်၊ မြေပြင် သာလွန်အင်အားနဲ့ ထိုးစစ်ဆင်လာပြီးနောက် ဇူလိုင်လ အစောပိုင်းမှာ မြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူ ထိန်းချုပ်လိုက်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ မိုးကုတ်နဲ့ သီပေါဘက်ကို ဆက်ပြီး စစ်ကြောင်းထိုးဖို့ အင်အားစုဖွဲ့မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ TNLA က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013