
စစ်ကိုင်းတိုင်းအထက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ ဗန်းမောက်မြို့ ပတ်ဝန်းကျင်ကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားစုစည်းပြီး ပြန်လည် ထိုးစစ်ဆင်လာတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၄ ရက်က စတင်ပြီး ဟုမ္မလင်းဘက်ခြမ်းကနေတဆင့် စစ်အင်အားတွေ ဖြည့်တင်းပြီးတော့ ထိုးစစ်ဆင်လာတယ်လို့ ဗန်းမော်မြို့နယ်က ရှေ့တန်း သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
SNA က စစ်ကောင်စီ တပ်မ ၃၃ တပ်တွေနဲ့အတူ ဗန်းမောက်မြို့နယ် အနောက်ခြမ်းကနေ အင်အားစုစည်းပြီး ထိုးစစ်ဆင်လာတာဖြစ်ပြီး မြို့နဲ့ ၅ မိုင် ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်တယောက်က “သူတို့ ဟုမ္မလင်းဘက်ကနေ အင်အားဖြည့်ပြီး ထိုးစစ်ဆင်လာတာ ဟုတ်တယ်။ မြို့နား ၅ မိုင်ဝန်းကျင်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်တာ ဟုတ်တယ်။ အဓိက သူတို့ပဲ မဟုတ်ဘူး၊ သူတို့အဘ တပ်မ ၃၃ တွေကော ပါတယ်” လို့ ပြောပါတယ်။
ဗန်းမောက်မြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေတာ ၂ ရက်ဆက်တိုက် ရှိနေပြီးတော့ လက်နက်ကြီးသံတွေလည်း ကြားနေရသလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အင်းတော်မြို့နယ် ဒေသခံတယောက်က ပြောပါတယ်။
“ဗန်းမောက်က တိုက်ပွဲဖြစ်နေတာ ဟုတ်တယ်။ SNA ဘက်က ပြန်ပြီး တိုးခဲ့တာပေါ့လေ။ တိုက်ပွဲပြင်းထန်တယ်ထင်တယ်။ လေယာဉ်တွေနဲ့ကော လာကြဲတာရှိတယ်။ လက်နက်ကြီးသံတွေ မနေ့ကကော ဒီနေ့ကော ကြားနေရတယ်။”
အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီလေတပ်က လေကြောင်းကနေ ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက် အပြန်အလှန် တိုက်ပွဲတွေကြောင့် ဗန်းမောက်မြို့ ပတ်ဝန်းကျင်က စက်တော၊ နာယကား၊ ခမိုးကျေးရွာက ပြည်သူတွေလည်း ဘေးလွတ်ရာ ကျေးရွာတွေကို တိမ်းရှောင် နေထိုင်နေရတယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက ဗန်းမောက်မြို့ကို စက်တင်ဘာ ၂၀ ရက်နေ့မှာ သိမ်းပိုက်ရရှိထားတာဖြစ်ပြီး စစ်ကောင်စီနဲ့ SNA တပ်ဖွဲ့တွေက မြို့ပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။