Home
မြန်မာသတင်း
နွားထိုးကြီး ဗုံးကြဲခံရမှုအတွင်း ဒဏ်ရာရသူများထဲက ကလေး ၁ ဦး သေဆုံး
DVB
·
October 11, 2025
Photo : နွားထိုးကြီးမြို့နယ် လူအခွင့်အရေးတာဝန်ခံ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မကျီးကုန်းကျေးရွာဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုအတွင်း အပြင်းအထန် ဒဏ်ရာရခဲ့တဲ့ ၅ နှစ်အရွယ် ကလေးငယ်တယောက် ထပ်သေဆုံးခဲ့သလို အောက်တိုဘာ ၁၀ ရက်နေ့မှာလည်း နွားထိုးကြီးမြို့နယ်ထဲကိုစစ်တပ်က လေကြောင်းကနေထပ်ပြီး တိုက်ခိုက်နေလို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နွားထိုးကြီးမြို့နယ် လူ့အခွင့်အရေးတာဝန်ခံ ကိုရန်ကုန် က “ထပ်ပြီးသေဆုံးသွားတာက ဗုံးစထိမှန်ပြီးတော့ အပြင်းအထန်ဒဏ်ရာရလို့ မန္တလေးဆေးရုံကြီးမှာတက်ပြီး ဆေးကုနေတဲ့ ၅ နှစ်အရွယ် သမီးလေးပါ။ သူ့နာမည်ကတော့ မမိုးသူဇာ တဲ့။ ဆုံးသွားတာကတော့ ၉ ရက်နေ့ ညနေပိုင်းလောက်​မှာဆုံးသွားတာလို့ သိရတယ်။ ကျန်တဲ့ဒဏ်ရာရသူတွေကတော့ မစိုးရိမ်ရတော့ဘူးလို့ သိရတာပဲဗျ” လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေယာယီနေထိုင်နေကြတဲ့ မကျီးကုန်းကျေးရွာဘုန်းကြီးကျောင်းကို အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်က ဗုံး​ကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၅ နှစ်အရွယ် ဒေါ်ကြင် နေရာမှာတင်သေဆုံးခဲ့ရပြီး ကလေးတွေအပါအဝင် ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ နွားထိုးကြီးမြို့နယ်ထဲကို အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့မှာလည်း ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

နွားထိုးကြီးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “မကျီးကုန်းရွာနဲ့ ပတ်ဝန်းကျင်ကို ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ဂျက်ဖိုက်တာတွေနဲ့ တနေ့ကိုအနည်းဆုံး ၃ စီးလောက် ဗုံးလာကြဲနေတာတွေရှိတယ်။ ဗုံးကြဲခံရတဲ့နေရာတွေဘက်ကို ဆက်သွယ်လို့မရသေးဘူး။ သိရသလောက်တော့ ၁၀ ရက်နေ့မနက် ၇ နာရီလောက်ကလည်း ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာမှာ ထိသွားလို့ ကျနော်တို့ဘက်က ရဲဘော် ၁ ယောက်ကျတယ်။ ၁ ယောက် ဒဏ်ရာရတယ်လို့ပဲ ပြောလို့ရဦးမယ်ဗျ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နွားကြီးမြို့နယ်တောင်ဘက်ခြမ်းကကျေးရွာတွေကို မြေပြင်ကလည်း စစ်ကြောင်းထိုးနေတာတွေရှိသလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မကျီးကုန်းကျေးရွာ အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံပြည်သူ ၂,၀၀၀ ဝန်းကျင်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024