
ရခိုင်ပြည်နယ်တောင်ပိုင်းကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက လေယာဉ်၊ စစ်သင်္ဘောတို့ကနေ ဗုံးကြဲပစ်ခတ်နေပြီး အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက သံတွဲမြို့ဝန်းကျင်ကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။
စစ်ရေးသတိရှိကြဖို့ထုတ်ပြန်လိုက်တာဖြစ်ပြီး အောက်တိုဘာ ၉ ရက်နေ့က သံတွဲ ငပလီကမ်းခြေ မျက်နှာချင်းဆိုင်မှာ အထိုင်ချထားတဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ သံတွဲမြို့ပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့သလို သံတွဲ နဲ့ ဂွမြို့ပေါ်မှာ Y8၊ Y12 လေယာဉ်တွေ ၄ နာရီလောက်ကြာအောင် ပျံဝဲနေခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၀ ရက် မနက် ၈ နာရီလောက်မှာတော့ သံတွဲမြို့အနီးပတ်ဝန်းကျင်ကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဘယ်နေရာကို ဗုံးကြဲတယ်ဆိုတာနဲ့ ထိခိုက်တဲ့အခြေအနေကိုတော့ မဖော်ပြထားဘဲ ဒေသခံတချို့ကတော့ သံတွဲမြို့ရဲ့တောင်ဘက် ၂ မိုင်လောက်အကွာ ပဒဲကောရွာဝန်းကျင်ကို ဗုံးကြဲတယ်လို့ ပြောပါတယ်။
အောက်တိုဘာ ၉ ရက် ညနေပိုင်းကလည်း ဂွမြို့နယ်၊ ပုန်းညက်ရွာရဲ့အနောက်ဘက် ပင်လယ်ထဲမှာရှိတဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးနဲ့ ၁၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ AA က ဆိုပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့ကလည်း စစ်သင်္ဘောတွေက သံတွဲမြို့နဲ့ပတ်ဝန်းကျင် နေရာတော်တော်များများကို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့ပြီး ပင်လယ်ကမ်းနီး မြို့၊ ရွာနေပြည်သူတွေအနေနဲ့ ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြဖို့၊ စစ်ရေးသတိရှိကြဖို့ AA က အသိပေးထုတ်ပြန်ပါတယ်။
ပြီးတော့ ရခိုင်ပြည်နယ်ထဲက သိမ်းပိုက်ဖို့ကျန်နေတဲ့မြို့တွေကို ဆက်လက်သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ တချိန်တည်းမှာ ရခိုင်ပြည်နယ်နဲ့ နယ်မြေထိစပ်နေတဲ့ မကွေးတိုင်း နတ်ရေကန် စစ်စခန်း၊ ပဲခူးတိုင်း ညောင်ကျိုးဗျူဟာကုန်း နဲ့ ဧရာဝတီတိုင်းအစပ် လေးမျက်နှာမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်နေတယ်လို့လည်း ဆိုပါတယ်။