ကရင်နီပြည်နယ်မှာ စစ်ကြောင်းထပ်ထိုးလာလို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး လွိုင်ကော်မြို့နယ်ထဲက လင်ဖုံကြီးကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးကာ လက်နက်နဲ့ ခဲယမ်းတွေ ရခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်နယ်ထဲက လွိုင်ကော်မြို့နယ်အရှေ့ခြမ်း၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နဲ့ ကရင်နီ-ရှမ်းနယ်စပ် ဖယ်ခုံမြို့နယ်ဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်တွေ စစ်မျက်နှာ ၅ ခုဖွင့်ပြီး ထိုးစစ်ထပ်ဆင်လာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ နေ့စဉ် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က အောက်တိုဘာ ၁၃ ရက်မှာ သတင်းထုတ်ပြန်ထားတာပါ။
အောက်တိုဘာ ၆ ရက် တရက်တည်းမှာပဲ ကရင်နီပြည်က နေရာ ၃ ခုမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး လွိုင်ကော်မြို့နယ်ထဲက လင်ဖုံကြီးကျေးရွာမှာလည်း ထိုးစစ်ဆင်လာတဲ့ အင်အား ၆၀ ကျော်ပါ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတို့ ၂ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၁၀ ယောက်ကျော် သေဆုံးကာ လက်နက် ၄ လက်နဲ့ ခဲယမ်းမီးကျောက်တွေ ရခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီကတော့ ကရင်နီပြည်နယ်ထဲက တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမရှိသလို အခုနောက်ပိုင်းထိုးစစ်တွေမှာ စစ်မှုထမ်းနဲ့ ပါလာတဲ့သူတွေများတဲ့အတွက် ရှေ့တန်းတွေမှာ ထွက်ပြေးတဲ့သူတွေများတယ်လို့ ဒီးမော့ဆိုစစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်သားတယောက်က ပြောပါတယ်။
“ဒဏ်ရာရသွားတဲ့သူတွေကျတော့ ကျနော်တို့ မိနစ်လေးဆယ်လောက် ကြာတယ်ဗျ။ သူတို့ကား မလာမချင်း ပတ်တီးစည်းပေးပြီး ခဏထိန်းထားတာတို့ ကျနော်တို့ ၁၀၂ က ဗျူဟာက ကားလာရင် ဗျူဟာကားပေါ်ကို တင်ပေးရတယ်ဗျ။ ကျနော်တို့ အလုပ်ကတော့ ဒီလောက်ပဲ။ မိုးဗြဲမှာကျတော့ ကျနော်တို့ ရဲဘော်တွေကို လမ်းဘေးတင်မြှုပ်ထားတာ ကျသွားတဲ့ ရဲဘော်တွေကို။ ပြည်သူ့စစ်တွေကျတော့ ကျနော်တို့ ဗျူဟာမှာ မြှုပ်တယ်ဗျ။ ဗျူဟာက လာခေါ်ပြီး မြှုပ်တယ်။ အိမ်ကို ဆက်သွယ်ပေးမယ်လို့တော့ ပြောတယ်၊ တချို့ကျတော့ အဆက်အသွယ် လုံးဝမရတာတွေလည်း ရှိတယ်။ ကျသွားတဲ့သူတွေ။”
ဒါကတော့ ကရင်နီ-ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်ကို ထိုးစစ်လာတဲ့ စစ်ကော်မရှင် နဲ့ PNO ပူးပေါင်းတပ်တွေက မြောက်စလုံးကျေးရွာကို မီးရှို့နေတာပါ။ ရွာခံတွေကတော့ မနှစ်ထဲက ကယ်ဆယ်ရေးသမားတွေ ကယ်ထုတ်ပြီးသားမို့ ကျေးရွာအများစုက လူတွေ မနေကြတော့ပါဘူး။ နေအိမ်တွေ မီးရှို့ခံရတဲ့အပြင် လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေဟာ အရပ်သားပစ်မှတ်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။
ကယ်ဆယ်ရေးသမားတယောက်က “အဲဒါ ဖယ်ခုံအနောက်ဘက်ခြမ်း ပြောရမှာပေါ့။ ဖယ်ခုံနဲ့ လတိမ်ကြားပေါ့။ အဲဒီကြားက ရွာတွေပေါ့၊ သူတို့စစ်ကြောင်းထိုးမှာ ကျနော်တို့ ဟိုတခေါက်က သွားထုတ်လာသေးတယ်၊ အဲဒီတုန်းက အကုန်ပဲ၊ အခုတော့ သူတို့ (PNO) ရောက်နေတာပေါ့။”
ဒီဇင်ဘာမှာလုပ်မယ့် ရွေးကောက်ပွဲအတွက် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒီးမော့ဆို-ဖရူဆို-ဘောလခဲ ကားလမ်းမကြီးတဝိုက်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာတွေကို မလိုအပ်ဘဲ ခရီးမသွားကြဖို့နဲ့ စစ်ရေးအသိနဲ့ လုံခြုံရေး သတိရှိကြဖို့အတွက် ကရင်နီအမျိုးသားကာကွယ်ရေးတပ်က တိုက်တွန်းနှိုးဆော်ထားပါတယ်။
မောရစ်