
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တယ်ပင် ရွာသား ၃ ယောက်ကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားပြီး နောက်ထပ် ရွာသား ၃ ယောက်လည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တပ် သတ်ဖြတ်သွားတဲ့ အလောင်း ၃ လောင်းကို စစ်ကြောင်းထွက်သွားပြီး အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းမှာ ရွာသားတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒေသခံရွာသားတယောက်က “စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာ ၇ ရက်နေ့က ကပစ ၂၄ ကနေ ထွက်လာတဲ့ စစ်ကြောင်းဗျ။ အင်အားက ၃၀၀ ကျော်မယ်ဗျ။ ကျနော်တို့ရွာကို ဝင်ပြီး ရွာသား ၁၀၀ ကျော်ကို ဖမ်းတယ်။ အဲလိုဖမ်းထားပြီး ဒီနေ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ ဖမ်းဆီးထားတဲ့ ပြည်သူ ၁၀၀ ကျော်ကို ပြန်လွှတ်ပြီး စစ်ကြောင်းက ရွာကနေ ပေါက်ကပစ ၂၄ ဆီ တပ်ပြန်ခေါက်သွားတယ်။ သူတို့ပြန်ထွက်သွားတာသိလို့ ရွာထဲကို ရွာသားတွေ ပြန်ဝင်တဲ့အချိန်မှာ စစ်တပ်က သတ်ဖြတ်ထားခဲ့တဲ့ အလောင်း ၃ လောင်း တွေ့ရတယ်ဗျ။ သေဆုံးသူတွေက ဦးသိန်းဟန်၊ ဦးဇော်ထွန်းနဲ့ သူ့ရဲ့သမီးပျိုတို့ ဖြစ်ပါတယ်။ နောက်ထပ် ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၃ ဦးလည်း ပျောက်ဆုံးနေသေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်မှာရှိတဲ့ ရေနံထွက်ရှိရာ ဒေသတွေကို နေ့စဉ်လိုလို စက်တပ်လေထီး အပါအဝင် လေယာဉ်တွေနဲ့ပါ ဗုံးကြဲနေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြရပြီး တောတောင်တွေထဲ ပုန်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရးအဖွဲ့မှ ကိုလရောင်က “စစ်ကောင်စီကတော့ဗျာ လေကြောင်းကနေ တိုက်ခိုက်သလို မြေပြင်ကနေလည်း စစ်ကြောင်းထိုးတာတွေ လုပ်နေတော့ ပြည်သူတွေ အတော်လေး ဒုက္ခရောက်ကြရတယ်။ လေယာဉ်နဲ့ ဗုံးကြဲချတဲ့နေရာတွေဆို ရေနံတွေ အများဆုံးထွက်တဲ့ နေရာတွေကိုမှ ရွေးပြီး ဗုံးကြဲချတာ။ ဘာလို့ အဲလိုကြဲတာလဲဆိုရင် မစားရတဲ့ အမဲသားကို သဲနဲ့ပက်သလို လုပ်နေတာ အစ်ကို။ သူတို့ မစားရလို့ ဖျက်ဆီးတာဗျ။ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ လေယာဉ်သတင်း၊ စစ်ရေးသတင်းတွေကို အထူးဂရုပြု နေထိုင်ကြဖို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်ကလည်း ပေါက်မြို့နယ် လက်ပံတို၊ သပြေညို စတဲ့ ရေနံမှော်လုပ်ကွက် အနီးကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတယောက် ကျည်စထိမှန်ခဲ့ပါတယ်။