
မာဒါဂတ်စကာမှာ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးပမ်းနေတယ်လို့ ဘယ်ရောက်နေမှန်း မသိတဲ့ သမ္မတ အန်ဒရေ ရာဂျိုလီနာရဲ့ရုံးက အောက်တိုဘာ ၁၂ ရက်နေ့မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။
နာရီပိုင်းအကြာမှာတော့ စစ်မှုထမ်းကွပ်ကဲရေးစင်တာ (CAPSAT) လို့ခေါ်တဲ့ အထူးတပ်ဖွဲ့က သူတို့ဟာ ကြည်း၊ ရေ၊ လေ တပ်အားလုံးကို ထိန်းချုပ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။
ဒီ CAPSAT အဖွဲ့ဟာ ၂၀၀၉ ခုနှစ်တုန်းက သမ္မတ ရာဂျိုလီနာကို အာဏာရအောင် ကူညီခဲ့တဲ့တပ်ဖွဲ့ဖြစ်ပြီး အခုတော့ Gen Z လူငယ်ဆန္ဒပြသူတွေဘက်ကနေ ရပ်တည်လိုက်တာ ဖြစ်ပါတယ်။
ရေနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေကနေ စတင်ခဲ့တဲ့ လူငယ်တွေရဲ့ ဆန္ဒပြပွဲတွေဟာ အလုပ်လက်မဲ့နှုန်း မြင့်မားမှု၊ အကျင့်ပျက်ခြစားမှုနဲ့ နေထိုင်မှုစရိတ် ကြီးမြင့်မှုတွေအပေါ် မကျေနပ်မှုတွေအဖြစ် ကျယ်ပြန့်လာခဲ့ပါတယ်။
CAPSAT တပ်မှူးကတော့ အာဏာသိမ်းဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး ဗိုလ်ချုပ်ကြီး ဒီမော့စသင်းန် ပီကူလပ်စ်ကို စစ်ဦးစီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒါဟာ ပြည်သူလူထုရဲ့ တောင်းဆိုမှုကို တုံ့ပြန်တာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ သုံးပတ် ကြာမြင့်ခဲ့တဲ့ ဒီဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် လူ ၂၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပေမဲ့ အစိုးရကတော့ ဒီအရေအတွက်ကို ငြင်းဆိုထားပါတယ်။
အာဖရိကသမဂ္ဂကတော့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စိုးရိမ်ကြောင်းနဲ့ နှစ်ဖက်စလုံး တည်တည်ငြိမ်ငြိမ် ဖြေရှင်းကြဖို့ တိုက်တွန်းထားပါတယ်။
Source: Reuters