
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်မှာရှိတဲ့ စစ်ကောင်စီတပ် ၃၄၃ ခြေမြန်တပ်ရင်းကို ရေးဘီးလူးတော်လှန်ရေးတပ်ဖွဲ့က အောက်တိုဘာ ၁၃ ရက် မနက်က ၆၀-မမ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ရေးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကို ပြန်လည်လက်တုံ့ပြန်တဲ့အနေနဲ့ ပြန်လည်တိုက်ခတ်တာလို့ ရေးဘီလူးတပ်ဖွဲ့က ပြောပါတယ်။
ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “စစ်ရေးပြင်ဆင်မှုမှာ အဆင်သင့်ဖြစ်နေပြီ မွန်ပြည်နယ်ကြီးအတွက် သူတို့ ဝဋ်လည်မယ့်အချိန်ရောက်ပြီ။ ၃၄၃ တပ်ရင်းထဲကို ၆၀-မမ ဗုံးသီးကတော့ သုံးလုံးစလုံး တည့်တည့်ကိုကျရောက်ပေါက်ကွဲတယ်။ ထိခိုက်မှုရှိနိုင်ပေမဲ့ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတိအကျ မသိရသေးဘူး”လို့ ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက်ကလည်း ရေးမြို့၊ ကျောင်းရွာမှာရှိတဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကို ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့က ၆၀-မမ ဗုံးသီးတွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့သေးတယ်လို့ ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။