Home
မြန်မာသတင်း
တနင်္သာရီ၌  စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦး ဒဏ်ရာရ
DVB
·
October 15, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာအုပ်စု၊ အလယ်ပိုင်းရွာမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရပြီး တယောက်မှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၄ ရက်၊ နေ့လယ် ၃ နာရီမှာ စစ်တပ်က လက်နက်ကြီးနဲ့ ဗုံးသီး ၃ လုံး ပစ်ခတ်တာကြောင့် ရွာရေတွင်းမှာ ရေချိုးနေတဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ရွာရေတွင်းမှာ ရေချိုးနေချိန် လက်နက်ကြီးလာကျတယ်။ အဘွားအိုတဦးကတော့ လက်တဖက်မှာ လက်နက်ကြီးကျည်စမှန်ပြီး အထိများတယ်” လို့ ပြောပါတယ်။

စိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိသူက အသက် ၇၀ ကျော်အရွယ် အလယ်ပိုင်းရွာက အမျိုးသမီးတယောက် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးမပစ်ခတ်မီ တော်လှန်ရေးတပ်ဖွဲ့ဘက်က စစ်ကောင်စီရဲ့ ၃၀၆ အမြောက်တပ်ရင်းကို နေ့လယ် ၂ နာရီခွဲဝန်းကျင်လောက်မှာ ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံနောက်တယောက်က “စစ်ကောင်စီရဲ့ ၃၀၆ အမြောက်တပ်က လာချရင် ရွာတွေထဲ လက်နက်ကြီးပစ်မယ်လို့ ပြောထားတာရှိတယ်။ တော်လှန်ရေးတပ်တွေဘက်က လာတိုက်ခိုက်တော့ အနီးအနားဝန်းကျင် ရွာတွေထဲ လက်နက်ကြီးနဲ့ ပြန်ပစ်တာပါ” လို့ ပြောပါတယ်။

တနင်္သာရီမြို့နယ်၊ အလယ်ပိုင်းရွာမှာ ဘန်းလမွတ်ရွာက ဒေသခံတဝက်လောက် စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ နေထိုင်စားသောက်ဖို့ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013