
မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကလေးငယ်တယောက် အပါအဝင် ပြည်သူ ၃ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၈ ရက်နေ့လောက်က ပေါက်မြို့အခြေစိုက် ကပစ ၂၄ က ထွက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကြောင်းက ကပစနဲ့ အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာပါ။
စစ်ကြောင်းဝင်တဲ့တလျှောက် ကျေးရွာက ပြည်သူတချို့ ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောင်း ပြန်ထွက်သွားတဲ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ သတ်ဖြတ်ခံထားရတဲ့ အလောင်း ၃ လောင်းကို တယ်ပင်ရွာမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူတွေဟာ အသက် ၆ နှစ်အရွယ် မရွှေဇင်ထွေး၊ ၅၃ နှစ်အရွယ် ဦးသိန်းဟန်၊ အသက် ၄၅ နှစ်အရွယ် ဦးဇော်ထွန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
Pauk Letter News တာဝန်ရှိသူတယောက်က “အဖမ်းခံရတာတော့ များတယ်ဗျ။ ပြန်လွှတ်တဲ့သူတွေရော သွားရင်းလာရင်းနဲ့ နယ်မြေခံ အဖွဲ့အစည်းတွေနဲ့ တွေ့ရတာပါ။ စစ်ကြောင်းပြန်ဆုတ်တဲ့နေရာမှာ အခင်းဖြစ်ပွားတဲ့ နေရာကို ရောက်ပြီးတော့မှ တွေ့ရပါတယ်။ အဲဒီစစ်ကြောင်းက ရေဖြူ၊ ဇလောင်းပတ်ချာလည်နဲ့ ရေနံ့သာ၊ သဲပင်ကွင်း အဲဒီရွာတွေကိုပဲ လှည့်ပတ်ထိုးနေတာဗျ။ ကပစဝန်းကျင်ကိုပဲ တော်လှန်ရေးအင်အားစုတွေနဲ့လည်း ထိတွေ့ဖြစ်နေတော့ စစ်ကြောင်းက လှုပ်ရှားမှုရှိတယ်။ အနီးနားကရွာတွေကတော့ ရှောင်နေရတာရှိတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပလောင်းရွာဆို တရွာလုံး ဝင်စီးခံရတာပေါ့။ ပြန်လွတ်တာရှိတယ်၊ ဖမ်းခေါ်သွားတာမျိုးတွေ ရှိတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲက ပြည်သူ ၃ ယောက်လည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းကြောင့် ကပစ ၂၄ အနီးဝန်းကျင်က ကျေးရွာ ၁၀ ရွာလောက်ကလည်း တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်မှာရှိတဲ့ ရေနံထွက်ရှိရာ ဒေသတွေကို နေ့စဉ်လိုလို စက်တပ်လေထီး၊ လေယာဉ်တွေနဲ့ ဗုံးကြဲနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရပြီး တောတောင်တွေအထဲ ပုန်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
ပေါက်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “စစ်ကောင်စီကတော့ဗျာ လေကြောင်းကနေ တိုက်ခိုက်သလို မြေပြင်ကနေလည်း စစ်ကြောင်းထိုးတာတွေ လုပ်နေတော့ ပြည်သူတွေ အတော်လေး ဒုက္ခရောက်ကြရတယ်။ လေယာဉ်နဲ့ ဗုံးကြဲချတဲ့နေရာတွေဆို ရေနံတွေ အများဆုံးထွက်တဲ့ နေရာတွေကိုမှ ရွေးပြီး ဗုံးကြဲချတာ။ ဘာလို့ အဲလိုကြဲတာလဲ ဆိုရင် မစားရတဲ့ အမဲသားကို သဲနဲ့ပက်သလို လုပ်နေတာ။ သူတို့မစားရလို ဖျက်ဆီးတာဗျ။ ပြည်သူတွေ အနေနဲ့လည်း စစ်ကောင်စီရဲ့ လေယာဉ်သတင်း၊ စစ်ရေးသတင်းတွေကို အထူးဂရုပြု နေထိုင်ကြဖို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်ကလည်း မြိုင်နဲ့ ပေါက်မြို့နယ် အစပ်မှာရှိတဲ့ ရေနံမှော်အနီးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူတယောက် ဒဏ်ရာရသလို ပြည်သူပိုင် လူနေအိမ် အဆောက်အအုံတချို့နဲ့ မော်တော်ယာဥ်တွေလည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သီရိ