Home
မြန်မာသတင်း
စစ်တွေတွင် AA နှင့် စစ်တပ်တို့ လက်နက်ကြီး၊ ဒရုန်းများဖြင့် အပြန်အလှန်ပစ်ခတ်နေ
DVB
·
October 27, 2025

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့အကြား နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်းကတည်းက စစ်ကောင်စီရဲ့ ပါဒလိတ်ကျေးရွာအခြေစိုက် ခမရ ၂၃၂၊ ခမရ ၃၄၄ တပ်ရင်းတွေနဲ့ ရွှေမင်းဂံ ရေတပ်တို့ကနေ ပုဏ္ဏားကျွန်းမြို့နယ်က ကွန်းတောင်၊ အိုင်ဒင်ကျေးရွာဘက်တွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခိုက်တိုက်ခိုက်ခဲ့ပြီးတော့ အာရက္ခတပ်တော်ကလည်း စစ်ကောင်စီရဲ့ ဒကစဌာနချုပ်ကို လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“စစ်တွေမှာ စစ်ကောင်စီတပ်က မကြာခဏဆိုသလို ရန်ပြုတိုက်ခိုက်နေတာ ရှိတယ်။ အောက်​တိုဘာ ၂၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်က ကွန်းတောင်ရွာကို လက်နက်ကြီး ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခဲ့မှုတွေ ပြုလုပ်ခဲ့တယ်။ အာရက္ခတပ်တော်ကလည်း ဒကစဌာနချုပ်ကို လက်နက်ကြီးနဲ့ ပြန်ပြီးတော့ တိုက်ခိုက်ခဲ့တယ်။ စစ်ရေးကတော့ တင်းမာမှုရှိနေတယ်လို့ ပြောရမယ်။”

အောက်​တိုဘာ ၂၆ ရက်က ကွန်တောင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပုဏ္ဏားကျွန်းမြို့က ပရဟိတလုပ်နေတဲ့ လူငယ်တယောက် သေဆုံးခဲ့ကြပါတယ်။

စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်တွေဟာ စစ်တွေနဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်က ကျေးရွာတွေကို မကြာခဏ တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ အာရက္ခတပ်တော်ဘက်ကလည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တွေက စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ကျေးရွာပေါင်း ၃၀ နဲ့အထက်က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းမှာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်ထားနိုင်တော့တာဖြစ်ပြီး အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုကို ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024