
စစ်တပ်က ပြန်လည်သိမ်းယူထားတဲ့ ကျောက်မဲမြို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့သူတွေရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို လိုက်လံချိပ်ပိတ်နေပါတယ်။
TNLA တအာင်းတပ်က တနှစ်ကျော်ကြာ ထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းပေါ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အာဏာသိမ်း စစ်ကောင်စီတပ်က ဒီ အောက်တိုဘာလဆန်းပိုင်းမှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။
အဲဒီနောက် အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်တည်ဆောက်နေပြီး TNLA နဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့သူတွေရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို အောက်တိုဘာ ၂၇ ရက်က စတင်ကာ လိုက်လံချိပ်ပိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မဲမြို့မှာ ချိပ်ပိတ်ခံရမယ့် အိမ်ပေါင်း ၆၀ ကျော်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒီထဲမှာ အမွေဆိုင်အိမ်တွေ၊ အိမ်ငှားတွေနဲ့ ဆိုင်ခန်းတွေ ပါဝင်နေတာကြောင့် နစ်နာနေသူတွေလည်း ရှိနေတာပါ။
စစ်ကောင်စီ ထောက်ခံသူတွေက တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့သူလို့ လူမှုကွန်ရက်တွေပေါ်မှာ သတင်းဖြန့်ခံရသူတွေကိုလည်း စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ အဖွဲ့တွေက ဖမ်းဆီးတာတွေ ရှိနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ဒ့ါအပြင် စစ်ကောင်စီ ထောက်ခံသူတွေက တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့သူလို့ ပုဂ္ဂိုလ်ရေးအရ လူမှုကွန်ရက်မှာ ဖြန့်ဝေခံတဲ့ သတင်းတွေကြောင့် တိမ်းရှောင်နေရတဲ့သူတွေလည်း ရှိနေတာပါ။
အလားတူ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ဌာနဆိုင်ရာတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းမှာ စစ်ရေးအရ ပြန်လည်ရယူနိုင်ခဲ့တဲ့ နောင်ချိုမြို့က စီးပွားရေးလုပ်ငန်းရှင် နေအိမ်တွေ၊ NLD ပါတီ အမာခံနေအိမ်တွေနဲ့ တော်လှန်ရေး အင်အားစုတွေကို အားပေးထောက်ခံတယ် ဆိုပြီး သတင်းထွက်ပေါ်နေတဲ့ နေအိမ်တွေနဲ့ လုပ်ငန်းတွေကို သိမ်းဆည်း ချိပ်ပိတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။




