
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးက ကော့ကရိတ်-အောက်ဗိုလ်တဲလမ်းပိုင်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်း ထိုးနေတာကြောင့် နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။
နဘူး- ကော့ကရိတ်- အောက်ဗိုလ်တဲလမ်းပိုင်းကို စစ်ကောင်စီတပ်က အပြည့်အဝပြန်လည် ထိန်းချုပ်နိုင်ဖို့နဲ့ နယ်မြေစိုးမိုးနိုင်ဖို့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ ကရင်နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က အင်အား ထပ်မံဖြည့်တင်းနေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ကော့ကရိတ် မြောက်ပိုင်းမှာ နေ့စဉ်နဲ့အမျှ ထိတွေ့တိုက်ပွဲတွေက ကြိုးကြားကြိုးကြား တောက်လျှောက်ရှိတယ်။ တိုက်ပွဲက နေ့စဉ်နဲ့အမျှ ဖြစ်နေတယ်။ ရန်သူက ကျနော်တို့ဘက်ကို တိုးမနိုင်တော့ မြပတိုင်တို့၊ ရင်ကွဲတောင်ဘက်အခြမ်းတွေ။ အခုက သူတို့က တောက်လျှောက်ပဲ အင်အားတွေ ဖြည့်နေတယ်။ ရွာသားတွေလည်း ပြေးနေရတယ်။ သူတို့က ထုံးစံအတိုင်းပဲ ဒီရွာသူရွာသားတွေကို အကြောက်တရားနဲ့ လုပ်တဲ့ပုံစံမျိုး တချို့အိမ်တွေကို ဝင်မွှေတယ်။ တချို့သူတွေကို ဖမ်းခေါ်တာတွေရှိတယ်။ ညှဉ်းပန်းနှိပ်စက်တာတွေ ရှိတယ်။”
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်က စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က အထိနာခဲ့တာကြောင့် အနီးအနားကျေးရွာက ဒေသခံ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းပြီး ရိုက်နှက်ခဲ့ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပြင် စစ်တပ်ဘက်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတာကြောင့် ထီဖိုးစံ၊ နန်းရွှေမိတ်၊ မိဖာလဲ့၊ နောင်တပွဲ၊ နောင်ကိုင်း၊ နောင်တပ္ပံ၊ မြပတိုင်၊ နောင်မိ စတဲ့ကျေးရွာ ၂၀ က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒေသခံတယောက်က “သူတို့(စစ်တပ်)က အင်အားတိုးနေတာပဲ။ ညဘက်မှ ထပ်ထပ်တိုးပြီး ညဘက်မှလာတယ်။ နေ့လယ်ဘက် မလာလိုဘူး။ တိုက်ပွဲဖြစ်တော့ ဒေသခံတွေက ပြေးတာပေါ့။ စစ်ကြောင်းထိုးတော့ တိုက်ပွဲဖြစ်မှာလည်း ကြောက်တယ်။ တိုက်ပွဲဖြစ်ရင် ကြားညှပ်မှာ ကြောက်တယ်။ ဒေသခံတွေက ဒုက္ခရောက်တာပေါ့။ ရွာတွေလည်း ပြန်နေလို့မရသေးဘူး။ အင်းကြီးတို့ ဘာတို့။ ပထမရွာတွေကလည်း သူတို့တပ်ကထိုင်ထားတော့ မအေးသေးဘူး။ အေးမှ သူတို့ပြန်လာဝင်မယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ကော့ကရိတ် စကခ ၁၂၊ ခလရ ၉၇နဲ့ ကျုံဒိုး ခမရ ၅၄၅၊ ခမရ ၅၄၆ ကနေ တိုက်ပွဲ ဖြစ်ပွားနေတဲ့ အနီးအနားက ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲနေပါတယ်။
အောက်တိုဘာ ၁၄ ရက်က နောင်မိကျေးရွာကို စစ်ကောင်စီက လေကြောင်းအပါအဝင် ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အောင်ခန့်




