Home
မြန်မာသတင်း
ကလေးတောင်ပိုင်းကို စစ်တပ်စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ သောင်းချီ တိမ်းရှောင်နေရ
DVB
·
October 29, 2025

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ကလေး-ဂန့်ဂေါ်လမ်းပိုင်းကို ပြန်ပြီး စိုးမိုးထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်း စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်နေပြီး ပြည်သူသောင်းနဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ကလေးမြို့ကနေ စစ်ကြောင်းတကြောင်း၊ မကွေး ဂန့်ဂေါ်ဘက်ကနေ စစ်ကြောင်းတကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့မှာ ကလေးမြို့ပေါ်က ထွက်လာတဲ့ စစ်ကြောင်းဟာ ကျွန်းချောင်းနဲ့ ထောက်ကြံ့ရွာကို မီးရှို့ခဲ့ပြီးနောက် ဒီနေ့မှာ ကလေးမြို့နဲ့ ၁၀ မိုင် အကွာက စည်သာရွာအထိ ရောက်ရှိလာသလို မကွေးက ထွက်လာတဲ့ စစ်ကြောင်းကလည်း ဂန့်ဂေါ်မြို့နယ်နဲ့ ၆ မိုင်အကွာက မန်တော်ရွာကို ရောက်နေတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ကြောင်း နှစ်ကြောင်းဟာ ကလေး-ဂန့်ဂေါလမ်းပိုင်းအတွက် အရေးကြီးပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကမ်းပါးနီတံတားကို ပြန်သိမ်းနိုင်ဖို့ ရည်ရွယ်ပြီး စစ်ကြောင်းထိုးလာတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က DVB ကို ပြောပါတယ်။

“စစ်ကြောင်းက ကလေးဘက်ရော ဂန့်ဂေါဘက်ကရော နှစ်ကြောင်း ခွဲပြီး ထိုးနေတာ။ ဂန့်ဂေါ်ဘက်ထွက်လာတဲ့ စစ်ကြောင်းဆို ကမ်းပါးနီ နားထိရောက်လာနေပြီ။ အဖွဲ့တွေကတော့ ကလေးဘက်ကနေ စစ်ကြောင်းထွက်လာကတည်းက ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်နေတာတော့ ရှိတယ်။ စစ်ကြောင်းက အင်အားအတော်သုံးထားတယ်။ အနည်းဆုံး ၅၀၀ လောက် ပါမယ်လို့ ခန့်မှန်းရတယ်။”

စစ်ကြောင်းထိုးလာလို့ ကလေးတောင်ပိုင်းက ကျွန်းချောင်း၊ ထောက်ကြံ့ နဲ့ မန်တောင် ရွာတွေအပါဝင် ရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ငါးသောင်းခန့် ဘေးလွတ်ရာတိမ်းရှောင်နေပြီး ရုတ်တရက် ထွက်ပြေးလာရတာကြောင့် အစားသောက်နဲ့ အဝတ်အထည်၊ စောင် အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလထဲမှာ ကလေးမြို့တောင်ပိုင်းက စစ်ကောင်စီရဲ့ ကမ်းပါးနီ တပ်စခန်း၊ မှန်တော်တပ်စခန်း၊ ကြံသာတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး ရွာတွေကိုပါ စိုးမိုးထားခဲ့တာပါ။

စစ်ကောင်စီ အပိုင်း (၁) ရွေးကောက်ပွဲ ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ ကလေးမြို့နယ်အတွင်း ပိုမို နယ်မြေစိုးမိုးဖို့အတွက် ကလေးမြို့ မြောက်ပိုင်းနဲ့ တောင်းပိုင်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လလောက်ကတည်းက ကလေးမြောက်ပိုင်း ကလေး-တမူး လမ်းပိုင်းနဲ့ ချင်းပြည်နယ် ကလေး-တီးတိန် လမ်းပိုင်းတွေကို စစ်ကောင်စီတပ်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးနေပြီး ကလေးမြောက်ပိုင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ကို ပြန်လက်လွှတ်ထားရတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ 

Photo- ABSDF Column - 3 (ကလေး တောင်ပိုင်းက စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်ပြီး သိမ်းယူထားတဲ့ လက်နက်ခဲယမ်းတွေကို တွေ့ရစဉ်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024