Home
မြန်မာသတင်း
ပေါက်တော၌ လက်နက်ကြီးထိမှန်ပြီး ကလေး ၁ ဦး သေဆုံး၊ ရခိုင်တိုက်ပွဲ ၂ နှစ်အတွင်း သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံရသူ ၄,၀၀၀ ကျော်ရှိလာ
DVB
·
October 30, 2025

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာမှာ အောက်တိုဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေးတယောက် သေဆုံးခဲ့သလို နောက်ထပ် ၄ ယောက်ထက်မနည်းလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ နေ့လယ်ပိုင်းက စစ်တွေမြို့အခြေစိုက် စစ်ကောင်စီရဲ့ ရွှေမင်းဂံရေတပ်နဲ့ အမှတ် ၁၂ ရဲတပ်ရင်းတို့က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့လို့ တောင်ညိုကျေးရွာအတွင်းကို လက်နက်ကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပေါက်တောဒေသခံက ပြောပါတယ်။

“စစ်ကောင်စီတပ်က စစ်တွေဘက်ကနေ လက်နက်ကြီးတွေနဲ့ ပေါက်တောမြို့နယ်အထဲကို ပစ်ခတ်ခဲ့တာ ရှိတယ်။ အဲဒီအထဲက တောင်ညိုကျေးရွာအထဲမှာ ၂ လုံး ကျရောက်ခဲ့ပြီးတော့ ကလေးတယောက် နေရာမှာတင် သေဆုံးခဲ့ရတယ်။ နောက်ထပ်လည်း ကလေးအဖေ အပါအဝင် နောက်ထပ် အိမ်နီးချင်း ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်။ လောလောဆယ်တော့ ဒဏ်ရာရရှိသွားသူတွေကို ဆေးကုသနေကြရတယ်” လို့ပြောပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်မှာ အသက် ၅ နှစ်လောက်ပဲ ရှိသေးပြီး ထိခိုက်ဒဏ်ရာသူတွေအထဲမှာလည်း အသက်ကြီးပိုင်းတွေ ပါဝင်ကြတယ်လို့ သိရပါတယ်။

စစ်တွေအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဟာ အခုရက်ပိုင်း စစ်တွေမြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တို့ကို လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းနဲ့ပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၆ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့  လူမှုကူညီရေးဆောင်ရွက်နေတဲ့ ပရဟိတ လူငယ်တယောက်  သေဆုံးခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်က မြို့သိမ်းတိုက်ပွဲတွေ စတင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရရှိနဲ့ ဖမ်းဆီးခံရသူ အယောက်  ၄၀၀၀  ကျော်ရှိလာပြီး အာရက္ခတပ်ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထုတ်ပြန်ပါတယ်။

HDCO ရဲ့ ထုတ်ပြန်ချက်တွေအရ တိုက်ပွဲကာလ ၂ နှစ်နီးပါးအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အယောက် ၉၇၀၊ ဒဏ်ရာရရှိသူ ၂,၀၅၄ ယောက်နဲ့ ဖမ်းဆီးခံရသူ အယောက် ၁,၀၀၀ ရှိပါတယ်။

စစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၃၇၅ ယောက်နဲ့ အမျိုးသမီး ၁,၂၆၄ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်မှုအများဆုံးဖြစ်ပြီး သေဆုံးသူ ၄၄၃ ယောက်နဲ့ ဒဏ်ရာရရှိသူ ၁,၀၁၅ ယောက် အထိ ရှိခဲ့တယ်လို့ HDCO ရဲ့စာရင်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ အများစုဟာ ရခိုင်လူမျိုးများ ဖြစ်ကြပြီး မွတ်ဆလင်၊ မရမာကြီး၊ ဟိန္ဒူ၊ ခမီ၊ သက်‌လူမျိုးတွေလည်း ပါဝင်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ရခိုင်ပြည်သူတိုင်း ကြုံတွေ့ကြရတာဖြစ်ပြီး စစ်အာဏာရှင်ရဲ့ ရက်စက်မှုတွေက ပိုမိုမြင့်တက်လာနေတယ်လို့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က လူမှုရေးကူညီဆောင်ရွက်နေတဲ့ လူငယ်တယောက်က ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ  ၂ နှစ်နီးပါအတွင်း လူပေါင်း ၄,၀၀၀ ​ကျော် သတ်ဖြတ်တာ၊ ဒဏ်ရာရရှိတာ၊ ဖမ်းဆီးခံရတာဟာ အတော်များတဲ့ပမာဏ ဖြစ်တယ်။ စစ်ကောင်စီက သူတို့ အာဏာတည်မြဲဖို့အတွက် ဘာမဆို လုပ်ရဲတယ်ဆိုတာ၊ ဒီကိန်းဂဏန်းတွေက သက်သေဖြစ်တယ်။ ရခိုင်မှာရှိတဲ့ လူမျိုးတိုင်းဟာ စစ်အာဏာရှင်ရဲ့ ရက်စက်မှု၊ ယုတ်မှုတွေကို ရင်​ဆိုင်နေကြရတယ် ဆိုတာကို ပြသနေတာဖြစ်တယ်။ ဒီစစ်အာဏာရှင် သက်ဆိုးရှည်နေသရွေ့ ပြည်သူတွေ သက်ဖြတ်ခံရမှုဟာ တနေ့ထက်တနေ့ မြင့်တက်လာနေတာလည်း ဖြစ်တယ်။”

ရခိုင်တိုက်ပွဲ ၂ နှစ်နီးပါးအတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၅ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်က မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်တွေက ပြည်သူတွေကို စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတာကြောင့် စစ်ရေးသတိ အမြဲရှိကြဖို့ကိုလည်း AA က တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013