
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာနယ်အရှေ့ခြမ်း၊ မြောက်ခြမ်းနဲ့ အနောက်ခြမ်းတွေကို စစ်တပ်က စစ်ကြောင်းထိုးကာ ရွာစဉ်လှည့် မီးရှို့ပြီး ဖမ်းဆီးနေတာကြောင့် ရွာသားတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်း ၃ ကြောင်းစလုံးက မတ္တရာ မြောက်ခြမ်းကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတာလို့လည်း သိရပါတယ်။
စစ်ဘေးရှောင်ရွာသားတယောက်က “စစ်ကြောင်းက မတ္တရာမြို့ပေါ်ကနေထွက်တဲ့ စစ်ကြောင်းရှိမယ်။ အုန်းပင်ရွာနဲ့ ရုံပင်ရွာကနေ ထွက်လာတဲ့ စစ်ကြောင်းရှိမယ်။ ကျွဲကျရွာက ထွက်တဲ့ စစ်ကြောင်းရှိမယ်ဗျ။ စစ်ကြောင်းလာတော့ ပြေးကြရတာပေါ့။ စစ်ကြောင်းနဲ့မိရင် အနည်းဆုံး အရိုက်ခံရတယ်။ နေပူထီးထီးကြီးထဲမှာ နေပူအလှန်းခံရတယ်။ သူတို့ မူးယစ်ဆေးသုံးပြီး လူစိတ်ပျောက်သွားပြီဆိုရင် ရွာသားဖြစ်ဖြစ် တွေ့သမျှ အကုန်သတ်တာ။ အဲဒီလိုဆိုတော့ အသက် ဘေးက လွတ်အောင် ထွက်ပြေးရတာပါပဲ။ အခုလည်း စစ်ကြောင်းတွေ ထိုးလာတယ်ဆိုတဲ့ သတင်းကြားရတော့ ရွာကနေ ထွက်ပြေးလာရတယ်။ နေရေးထိုင်ရေး အဆင်ပြေလားဆိုတော့ ကိုယ့်အိမ်၊ ကိုယ်ရွာမှာ နေထိုင်ရတာမျိုးလိုတော့ ဘယ်အဆင်ပြေမလဲဗျာ။ စစ်ကြောင်းက ဘယ်အထိ ထိုးမလဲမသိတော့ ကျနော်တို့လည်း ဘယ်အထိ ထပ်ပြေးရဦးမလဲ မသိရသေးဘူး။ ခေတ်စနစ်ကြီး မြန်မြန်အေးချမ်းပါတော့လိုပဲ နောက်ဆုံး ပြောချင်ပါတယ်ဗျာ” လို့ ပြောပါတယ်။
မတ္တရာမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေဟာ စစ်ကောင်စီ စစ်ကြောင်းရန်ကြောင့် မတ္တရာမြို့နယ်အနီးဝန်းကျင်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေဘက်မှာ သွားရောက် စစ်ဘေးရှောင် ခိုလှုံ နေကြပြီး စစ်ဘေးရှောင်ဦးရေ တနေ့တခြား များပြားလာတာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက “စစ်တပ်ဘက်က စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးလာတာ ဟုတ်ပါတယ်ဗျ။ မတ္တရာမြို့နယ် ရုံပင်ရွာဘက်ကနေ တံတာဦးဘက်ကို ထိုးလာပြီး ဒီနေ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ မတ္တရာနယ် မြောက်ခြမ်းကို ထပ်ထိုးလားတယ်ဗျ။ ဒီနေ့တော့ စကားပင်ရွာနဲ့ ဈေးသစ်ရွာဘက်တွေစီ ရောက်နေပြီလို့ သိထားရတယ်။ နောက်ပြီး ကျွဲကျရွာဘက်ကနေ ထိုးလာတဲ့ စစ်ကြောင်းက ချောင်းတော်ဝရွာဘက်ကို ရောက်သွားပြီ။ အဲဒီ စစ်ကြောင်းက ချောင်းတော်ဝရွာက ပြည်သူတွေ အတော်များများလည်း ဖမ်းဆီးထားတယ်လို့ သတင်းရထားတယ်ဗျ။ နောက်ဆုံးစစ်ကြောင်းကတော့ မတ္တရာမြို့ကနေ စတင်ထွက်လာပြီး ပင်းယရွာကို ဖြတ်ပြီး တံငါရွာကို ရောက်နေပြီဗျ။ စစ်တပ်ကတော့ လက်နက်ကြီးတွေ၊ ဒရုန်းတွေ အဆမတန်အသုံးပြပြီး စစ်ကြောင်းထိုးနေတာပါဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြာင်းတွေဟာ အောက်တိုဘာ ၂၇ ရက်နေ့မှာ မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ရုံပင်ရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို စက်တင်ဘာ ၁၈ ရက်ကလည်း မတ္တရာမြို့နယ် တပ်သာ (အောက်ရွာ) ကိုလည်း ဝင်ရောက်စီးနင်းပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ် စစ်ကြောင်းတွေကြေောင့် မြောက်တံငါကျေးရွာ၊ ကျွဲကျကျေးရွာ၊ ဇီးဖြူပင်ကျေးရွာ၊ တောင်ကောင်းကျေးရွာ၊ တောင်နီကျေးရွာနဲ့ ချောင်းပေါက်ကျေးရွာက ပြည်သူတွေ အရေးပေါ် နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်တွေကတော့ သူတို့တပ်စွဲထားရာ ကျေးရွာတွေအတွင်းကနေ လက်နက်ကြီးတွေနဲ့ နေ့၊ ညတိုင်းလိုလို ပစ်ခတ်နေတယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်အတွင်း ကျေးရွာတရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မြင်တွေ့ရတဲ့ ရုပ်သံ Video ဖြစ်ပါတယ်။




