
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကိုးအင်းကျေးရွာကို အောက်တိုဘာ ၂၉ ရက် မနက် ၉ နာရီအချိန်ဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ရပ်ရွာနေပြည်သူတွေ ကထိန်ပွဲ ကျင်းပနေတဲ့အချိန်မှာ ကိုးအင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးတဝိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ တစီးနဲ့ ဗုံးသီးတလုံး ကြဲသွားခဲ့ကာ အရပ်သားပြည်သူတွေ ထိခိုက်တာမျိုးတော့ မရှိခဲ့ဘူးလို့ ဒေသခံပြည်သူတယောက်က ပြောပါတယ်။
“ဗုံးတလုံး ကြဲပြီးတော့ ပွိုင့်ဖိုက်နဲ့လည်း ပစ်သွားတယ်။ နေအိမ်တွေ မထိခိုက်ဘူး။ ဘုန်းကြီးကျောင်း အနောက်ဘက်က ရော်ဘာခြံထဲ သွားကျတယ်။ အပင်တွေတော့ ထိခိုက်သွားတယ်။ လူနေအိမ်တွေ မထိခိုက်ဘူး။ ဒီကောင်တွေက အကြောင်းမဲ့ လာလုပ်တာပဲ၊ အရပ်သားတွေပဲ ရှိနေကြတာပြီးတော့ ကထိန်ပွဲ လုပ်နေတာလေ။”
ဗုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုန်းကြီးကျောင်းအနီးရှိ ဥယျာဥ်ခြံထဲက အပင်တွေ ထိခိုက်ခဲ့တယ်လို့ သိရပြီး ပွိုင့်ဖိုက်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တာမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး လေယာဥ်ပျံသန်းသွားပြီးနောက် ကထိန်ပွဲအား ဆက်လက်ကျင်းပပြီးစီးခဲ့ကြတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း တိုက်ပွဲဖြစ်တဲ့ ဇဝဲကျေးရွာအုပ်စုက လေးမိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်လိုက်တာကြောင့် အသက် ၃၀ အရွယ်အမျိုးသားတယောက် အသက်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။




