
အစ္စရေးစစ်သားတယောက် သေဆုံးခဲ့ပြီးနောက် လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကို တရက်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ပါလက်စတိုင်း ၁၀၄ ယောက် သေဆုံးခဲ့ပေမဲ့ အပစ်အခတ်ရပ်စဲမှုကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်တယ်လို့ အောက်တိုဘာ ၂၉ ရက်မှာ အစ္စရေးက ထုတ်ပြန် ကြေညာပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကြားဝင် စေ့စပ်ခဲ့တဲ့ အပစ်ရပ်စဲမှုအရ အစ္စရေးတပ်တွေ ပြန်ဆုတ်ပေးထားတဲ့ “မျဉ်းဝါ” နယ်နိမိတ်အတွင်းမှာ အစ္စရေးစစ်သားတယောက် သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဟားမတ်စ်အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဒီတုံ့ပြန်မှုဟာ ဟားမတ်စ် စစ်သွေးကြွတွေ၊ လက်နက်တိုက်တွေနဲ့ ဥမင်တွေကို ပစ်မှတ်ထားတာလို့ ဆိုပါတယ်။
ပစ်မှတ် ၂၄ ခုကို နာမည်တပ် ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ ၂၀၂၃ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ဟားမတ်စ် တပ်မှူးတယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ သေဆုံးသူ ၁၀၄ ယောက်ထဲမှာ ကလေး ၄၆ ယောက်နဲ့ အမျိုးသမီး ၂၀ ပါဝင်တယ်လို့ ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
ဟားမတ်စ်ကတော့ အစ္စရေးရဲ့ ပစ်မှတ်စာရင်းဟာ အရပ်သားတွေကို တိုက်ခိုက်တဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ လိမ်ညာနေတာလို့ တုံ့ပြန်ထားပါတယ်။
သမ္မတထရမ့်ပ် ကတော့ အစ္စရေးဟာ ပြန်လည်တုံ့ပြန်သင့်တယ်လို့ ပြောကြားခဲ့ပြီး ဒီဖြစ်ရပ်ကြောင့် အပစ်အခတ်ရပ်စဲရေးကို အန္တရာယ်ဖြစ်စေမှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဝန်ကြီးချုပ် နေတန်ယာဟု ကလည်း ဟားမတ်စ်ကို လက်နက်ဖြုတ်သိမ်းရေးနဲ့ ဂါဇာကို စစ်မဲ့ဇုန်ဖြစ်ရေးဆိုတဲ့ ရည်မှန်းချက် အောင်မြင်ဖို့ သေချာအောင် လုပ်ဆောင်မယ်လို့ ပြောကြားခဲ့ပါတယ်။
အစ္စရေးစစ်တပ်က အပစ်ရပ်စဲမှုကို ထိန်းသိမ်းမယ်လို့ ထုတ်ပြန်ထားအပြီးမှာ ဂါဇာမြောက်ပိုင်းကို နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတခု ထပ်လုပ်ခဲ့ရာမှာ လူ ၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။
Source:Reuters




