
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဟားမတ်စ်အဖွဲ့ဘက်က ချိုးဖောက်တယ်လို့ စွပ်စွဲပြီးတော့ အစ္စရေးက ဂါဇာမှာ လေကြောင်းတိုက်ခိုက်မှုတွေ အောက်တိုဘာ ၂၈ ရက်က ပြန်လည် လုပ်ဆောင်ခဲ့ပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ဟားမတ်စ်အဖွဲ့ဟာ အောက်တိုဘာ ၂၈ ရက်က ရာဖာမြို့မှာရှိတဲ့ အစ္စရေးစစ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲပါတယ်။
ဟားမတ်စ်အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုတွေမှာ ပတ်သက်ခြင်းမရှိကြောင်းနဲ့ အပစ်ရပ်သဘောတူညီချက်ကို လိုက်နာဆဲဖြစ်ပြီး အစ္စရေးဘက်ကသာ ချိုးဖောက်တာလို့ တုံ့ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုတွေအတွင်း ဂါဇာကမ်းမြောင် မြို့ကြီးတွေက အိမ်တွေ၊ ကျောင်းတွေနဲ့ လူနေတိုက်ခန်းတွေကို ထိမှန်ခဲ့ပြီး ပါလက်စတိုင်း ၃၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးဓားစာခံတွေရဲ့ ရုပ်အလောင်းတွေ ပြန်လွှဲပေးတဲ့ကိစ္စမှာလည်း ဟားမတ်စ်က သဘောတူညီချက် ချိုးဖောက်တယ်လို့ အစ္စရေးက စွပ်စွဲပါတယ်။
ဟားမတ်စ်က လွှဲပေးတဲ့ ခေါင်းတလားတခုထဲက ရုပ်ကြွင်းအစိတ်အပိုင်းတွေဟာ ပျောက်ဆုံးနေဆဲ ဓားစာခံ ၁၃ ယောက်နဲ့ မဆိုင်ဘဲ ၂၀၂၃ ခုနှစ်ကတည်းက အစ္စရေးက ပြန်ရှာတွေ့ထားပြီးသား ဓားစာခံ အော်ဖာဇာဖာတီရဲ့ ရုပ်ကြွင်းအစိတ်အပိုင်းတွေ ဖြစ်နေခဲ့ပါတယ်။
အစ္စရေးစစ်တပ်ဘက် ထုတ်တဲ့ ဒရုန်းဗီဒီယိုမှတ်တမ်းမှာ ဟားမတ်စ်တပ်ဖွဲ့တချို့ဟာ ကြိုတင်ပြင်ဆင်ထားတဲ့ နေရာက ခန္ဓာရုပ်ကြွင်းအစိတ်အပိုင်းတခုကို ထုတ်လာပြီး အနားမှာ ပြန်မြှုပ်ခဲ့ပါတယ်။
အဲဒီနောက်မှာမှ ICRC ကိုယ်စားလှယ်တွေကို ခေါ်ပြီးတော့ အခုမှ တူးဖော်တွေ့ရှိသယောင် အတုလုပ်ခဲ့ပုံကို ရိုက်ကူးခဲ့ပါတယ်။
ဒီလိုတွေ့ရှိမှု အတုလုပ်တဲ့အပေါ် ICRC ကလည်း ဝေဖန်ထားပါတယ်။ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကတော့ အခုလို ပစ်ခတ်မှုတွေရှိနေပေမဲ့ အပစ်အခတ်ရပ်စဲရေးက ဆက်လက် တည်မြဲနေဆဲလို့ ယုံကြည်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
Source: Reuters




