
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်အရ ဂါဇာမှာ “ငြိမ်းချမ်းရေးစိုးမိုးဖို့” (peace enforcing) အတွက် တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးဖို့ တောင်းဆိုခံရရင် နိုင်ငံတွေက ငြင်းဆန်ကြလိမ့်မယ်လို့ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာက ဘီဘီစီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
“ငြိမ်းချမ်းရေးထိန်းသိမ်းဖို့” (Peacekeeping) အတွက်ပဲ မျှော်လင့်ကြောင်း၊ “ငြိမ်းချမ်းရေးစိုးမိုးဖို့” ဆိုရင်တော့ ဘယ်သူမှ ဒီကိစ္စကို ဝင်ပါမှာ မဟုတ်ဘူးလို့ သူက သုံးသပ်ပါတယ်။
ဂျော်ဒန်နဲ့ အီဂျစ်တို့ အနေနဲ့ ပါလက်စတိုင်း လုံခြုံရေးတပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့ ဆန္ဒရှိပေမဲ့ လက်နက်ကိုင်ပြီး ကင်းလှည့်ရမယ့် အခြေအနေမျိုးမှာတော့ ဘယ်နိုင်ငံကမှ ပါဝင်ပတ်သက်ချင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဂျော်ဒန်နိုင်ငံဟာ ဒီအခြေအနေနဲ့ နိုင်ငံရေးအရ အရမ်းနီးကပ်လွန်းတာကြောင့် ဂါဇာကို ဂျော်ဒန်တပ်တွေ မစေလွှတ်ဘူးလို့လည်း ဘုရင်အဗ္ဗဒူလာက အတည်ပြုပါတယ်။
ဂျော်ဒန်ဘုရင် ကိုယ်တိုင်လည်း ဂါဇာကို အကူအညီတွေ လေယာဉ်နဲ့ ကြဲချပေးတဲ့ မစ်ရှင် ၃ ခုမှာ လိုက်ပါခဲ့ပြီး ဂါဇာရဲ့ ပျက်စီးဆုံးရှုံးမှုကို မြင်တွေ့ရတာ အင်မတန် တုန်လှုပ်စရာကောင်းတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒီနှစ်ထဲမှာ ဂျော်ဒန်နိုင်ငံဟာ ဒဏ်ရာရပြီး နေမကောင်းဖြစ်နေတဲ့ ပါလက်စတိုင်း ကလေးငယ် ၂၅၃ ယောက်ကိုလည်း နိုင်ငံတွင်းကို ရွှေ့ပြောင်းကုသပေးခဲ့ပါတယ်။
ဂျော်ဒန်လူဦးရေ ထက်ဝက်ကျော်ဟာ ပါလက်စတိုင်းအနွယ်တွေ ဖြစ်သလို ဂျော်ဒန်နိုင်ငံဟာ ဆယ်စုနှစ်များစွာအတွင်း စစ်ပွဲက ထွက်ပြေးလာတဲ့ ပါလက်စတိုင်းဒုက္ခသည် ၂ ဒသမ ၃ သန်းအထိ လက်ခံပေးထားပါတယ်။ ဒါဟာ ဒေသတွင်းမှာ အများဆုံးပမာဏ ဖြစ်ပါတယ်။
Source: Reuters




