
၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ဆွေးနွေးပွဲတွေကို အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပတော့မှာဖြစ်ပြီး ဒီအစည်းအဝေးတွေမှာတော့ ဒေါ်နယ်လ်ထရမ့်ပ်၊ ဂါဇာအရေး၊ အရှေ့တီမော၊ မြန်မာနဲ့ တောင်တရုတ်ပင်လယ်အရေးတွေက လွှမ်းမိုးနေပါတယ်။
ဒီဆွေးနွေးပွဲဟာ နှစ်ပေါင်းများစွာအတွင်း အရေးပါဆုံးအာဆီယံထိပ်သီး ဆွေးနွေးပွဲဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ အဓိကအားဖြင့်တော့ အချက် ၂ ချက်ရှိပါတယ်။ ပထမအချက်က တက်ရောက်သူစာရင်းဖြစ်ပြီး ဒုတိယအချက်ကတော့ အထူးသဖြင့် အမေရိကန်-တရုတ် အကြား ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးတင်းမာမှုတွေ မြင့်တက်နေတဲ့အချိန်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲ ဖြစ်နေတာပါ။
အာဆီယံ ၁၀ နိုင်ငံမှာ ဘောင်မဝင်တဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလွဲလို့ ကျန် ၉ နိုင်ငံ ခေါင်းဆောင်တွေက ထုံးစံအတိုင်း တက်ရောက်ကြမှာဖြစ်ပါတယ်။ သူတို့နဲ့အတူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ တရုတ်ဝန်ကြီးချုပ် လီချန်း၊ ဂျပန်ရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ပူပူနွေးနွေး ဆာနာအဲ တာကာအိချိ၊ ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာဒါဆေးလ်းဗား၊ တောင်အာဖရိကသမ္မတ ဆိုင်ရီးလ် ရာမာဖိုဆာ၊ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးတို့ လူကိုယ်တိုင်တက်မှာ ဖြစ်သလို ဒေဝါလီပွဲတော်တွေရှိနေတဲ့ အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီကတော့ အွန်လိုင်းက တက်မှာဖြစ်ပါတယ်။ ရုရှားဘက်ကတော့ သမ္မတ ဗလာဒီမာပူတင် မတက်ဘဲ ဒုဝန်ကြီးချုပ်ပဲ တက်မှာဖြစ်ပါတယ်။ ဒီနေရာမှာ ထပ်ပြောဖို့လိုတာက ပူတင်က သူ့ဘာသာ မတက်ချင်လို့ မတက်တာဖြစ်ပြီးတော့ မင်းအောင်လှိုင်ကိုကျတော့ ပေးမတက်တာ ဖြစ်ပါတယ်။
ဒီလိုအရေးကြီးတဲ့ ကမ္ဘာ့ခေါင်းဆောင်အများအပြားတက်ရောက်တာကြောင့် အာဆီယံအပေါ် နိုင်ငံတကာ အာရုံစိုက်မှုရစေသလို ကမ္ဘာ့ဇာတ်ခုံပေါ်မှာလည်း ရှေ့တန်းရောက်လာစေပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အာဆီယံရဲ့ ကိုယ်ပိုင် ဦးစားပေးကိစ္စတွေထက် ထရမ့်ပ်လို ခေါင်းဆောင်တွေ တက်ရောက်မှုကပဲ အဓိကကျသွားမှာကိုလည်း စိုးရိမ်ရပါတယ်။
အာဆီယံဟာ ခေါင်းဆောင်တွေ စုပြီးတော့ ဆွေးနွေးကြပေမဲ့ ခိုင်မာတဲ့ ဘာဆုံးဖြတ်၊ ဘာလုပ်ဆောင်ချက်မှ မချမှတ်နိုင်တဲ့ Talking Shop လို့ အပြောခံရတာ ကြာပြီဖြစ်ပါတယ်။ အရပ်စကားနဲ့ ပြောရရင်တော့ လူတွေစုပြီး လေပန်းတဲ့ ဘုံဆိုင် မျိုးလို့ဆိုရမှာပါ။ မဲခွဲဆုံးဖြတ်တာမျိုးမရှိဘဲ ဘုံသဘောတူညီချက် ရတဲ့အချက်တွေကိုပဲ လက်ခံလေ့ရှိတဲ့အတွက် ဘုံဆိုင်ဆိုတဲ့ နာမည်က ပိုလိုက်ဖက်တယ်လို့လည်းဆိုနိုင်ပါတယ်။ အဲဒီလိုအဆင့်ကနေ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တဲ့ အသိုက်အဝန်းတခုအဖြစ် ဆင့်ကဲပြောင်းလဲရတော့မယ့် အချိန်မျိုးမှာ ဒီအစည်းအဝေးကို ကျင်းပတာပါ။ ကွဲပြားမှုတွေ ပိုတိုးလာတဲ့ ဒေသမှာ အာဆီယံဆိုတာ ကြေညာချက်တွေထုတ်ရုံသက်သက်မဟုတ်ဘဲနဲ့ စုပေါင်းဆောင်ရွက်မှုမျိုး စွမ်းနိုင်တယ်ဆိုတာ ပြသနိုင်ဖို့က အဓိက စိန်ခေါ်မှုဖြစ်နေပါတယ်။ ဒီဆွေးနွေးပွဲမှာ အဓိက အကြောင်းခြင်းရာ ၅ ခု ကလွှမ်းမိုးမယ်လို့ ကျွမ်းကျင်သူတွေ ကသုံးသပ်ပါတယ်။
အဓိက ဇာတ်ဆောင် ထရမ့်ပ်
ဒီပွဲမှာလည်းခေါင်းဆောင်မင်းသားက ထရမ့်ပ်ပဲ ဆိုတာတော့ သံသယရှိစရာမလိုပါဘူး။ ထရမ့်ပ် ပွဲလာတက်တယ်ဆိုတာကတင် အာဆီယံဟာ အရေးကြီးတဲ့ သံတမန်ရေးစင်မြင့်တခုအဖြစ် ဆက်ရှိနေတယ်ဆိုတာ ဖော်ပြရာရောက်ပါတယ်။ သင်္ကေတသဘောအရလည်း အရှေ့တောင်အာရှဒေသဟာ ဝါရှင်တန်ရဲ့ မဟာဗျူဟာပတ်လမ်းထဲမှာ ပါဝင်နေဆဲဖြစ်တယ်လို့ အသိအမှတ်ပြုရာရောက်ပါတယ်။
အာဆီယံခေါင်းဆောင်တွေကတော့ ဒီအခွင့်အရေးကို အသုံးချပြီးတော့ အမေရိကန်ဆီက ကုန်သွယ်ရေး၊ နည်းပညာနဲ့ ကာကွယ်ရေးမှာ ကတိကဝတ် ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်မှု တခုခုရအောင် ကြိုးပမ်းကြလိမ့်မယ်လို့ မလေးယားတက္ကသိုလ်ရဲ့ နိုင်ငံတကာမဟာဗျူဟာ လေ့လာရေးဌာနမှ ခူးယင်းဟိုက သုံးသပ်ပါတယ်။
မကြာသေးခင်နှစ်တွေထဲမှာ အမေရိကန်သမ္မတတွေဟာ အာဆီယံဆွေးနွေးပွဲ သိပ်မတက်ဖြစ်တော့ တာကြောင့် အခုထရမ့်ပ်လာမယ်ဆိုတဲ့ကိစ္စက အရေးကြီးနေပါတယ်။ ၂၀၂၂ တုန်းက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ သမ္မတဂျိုးဘိုင်ဒင်တက်ခဲ့တာက နောက်ဆုံးဖြစ်ပါတယ်။ ထရမ့်ပ်ရဲ့ ပထမသက်တမ်း ၂၀၁၇ ကနေ ၂၀၂၁ အတွင်းမှာလည်း ၂၀၁၇ ဖိလစ်ပိုင်၊ မနီလာမှာ ကျင်းပတုန်းက တခါပဲ ထရမ့်ပ် လာခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးကနေ တင်သွင်းတဲ့ ပစ္စည်းတွေအပေါ် စည်းကြပ်ခွန်တွေထရမ့်ပ်က သတ်မှတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ထရမ့်ပ်နဲ့ တိုက်ရိုက်တွေ့ပြီး ညှိခွင့်ရဖို့ဆိုတာ ကမ္ဘာ့ခေါင်းဆောင် အများစုအတွက် မလွယ်လှတဲ့ကိစ္စဖြစ်ပါတယ်။ ဗြိတိန်တို့၊ ဂျပန်တို့ဆိုတာက အိမ်ဖြူတော်အထိ သွားညှိလို့လွယ်ပေမဲ့ အာဆီယံခေါင်းဆောင်တွေအဖို့မှာတော့ ဒီလိုလာတုန်း တွေ့ရတာ အမြတ်ဖြစ်လာပါတယ်။ အမေရိကန်က အရှေ့တောင်အာရှမှာ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရင်းမြစ်ဖြစ်ပါတယ်။
ဂါဇာ အပစ်ရပ်လက်မှတ်ထိုးပွဲမှာတုန်းက ပွဲလာတက်တဲ့ အင်ဒိုနီးရှား သမ္မတပရာဘိုဝိုက ထရမ့်ပ်နားကပ်ပြီးတော့ ကပ်တိုးလေးသွားပြောတဲ့ ကိစ္စကို တိုက်ရိုက်လွှင့်နေတုန်း အမှတ်မထင် အသံဖမ်းမိခဲ့ပါတယ်။ ထရမ့်ပ်မိသားစု စီးပွားရေးလုပ်ငန်း Trump Organization ရဲ့ အင်ဒိုက အပန်းဖြေစခန်းနဲ့ ဂေါက်ကွင်း စီမံကိန်းတွေအတွက် မြေနေရာ ကိစ္စလို့ ယူဆရတဲ့ အကြောင်းအရာအတွက် သားဖြစ်သူ အဲရစ်ထရမ့်ပ်နဲ့ စကားပြောချင်တယ်ဆိုပြီးတော့ စစ်ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုက ထရမ့်ပ်ကို အတင်းဝင်လုံးခဲ့တာဖြစ်ပါတယ်။ ဒါကို ကြည့်ရင်ထရမ့်ပ်နဲ့ တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ ပုဂ္ဂလိက စီးပွားရေးရော နိုင်ငံ့အရေးပါ ညှိနှိုင်းခွင့်ရဖို့ ဆိုတာ အခွင့်အရေးတရပ်ဆိုတာ ရှင်းနေပါတယ်။
ဒါပေမဲ့ ထရမ့်ပ်ရဲ့ သံတမန်ရေးစတိုင်က ရေတိုနဲ့ အပေးအယူဆန်တဲ့ထိတွေ့ ဆက်ဆံမှုမျိုးကို လိုလားတာကြောင့် အာဆီယံအတွက် ရေရှည်ကတိကဝတ်မျိုးရမယ်လို့ မျှော်လင့်လို့တော့ မရပါဘူး။ ဒါကြောင့် ဒီခရီးစဉ်ဟာ မဟာဗျူဟာပိုင်းထက် သင်္ကေတ သဘောပဲဆောင်မယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ ဒီခရီးစဉ်နဲ့အတူ ခိုင်မာတဲ့မူဘောင်တွေ၊ ဖွံ့ဖြိုးရေးရန်ပုံငွေတွေ ဒါမှမဟုတ် ကာလရှည် သံတမန်ရေးထိတွေ့ဆက်ဆံမှု မျှော်လင့်လို့တော့ မရပါဘူး။
နောက်တချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ငြိမ်းချမ်းရေးဗိသုကာ စစ်ပွဲများကို အဆုံးသတ် စေသူကြီးရယ်လို့ မှတ်ယူထားတဲ့ ထရမ့်ပ်ရဲ့ ကမ္ဘောဒီးယား-ထိုင်းငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲ ကို ဦးစီးချင်တဲ့ ဆန္ဒဖြစ်ပါတယ်။
လူ ၄၀ ကျော် သေဆုံးပြီး လူ ၃ သိန်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခဟာ ဇူလိုင် ၂၈ ရက် မလေးရှားကြားဝင်မှု၊ ထရမ့်ပ်ဖိအားပေးမှုတွေကြောင့် အပစ်အခတ်ရပ်စဲပြီးတော့ တခန်းရပ်ခဲ့ပါတယ်။ စက်တင်ဘာ ၂၃ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထရမ့်ပ်က စစ်ပွဲ ၇ ပွဲ ရပ်တန့်နိုင်ခဲ့တယ်လို့ ပြောခဲ့ရာမှာ ကမ္ဘောဒီးယား-ထိုင်း ဆိုတာကို ထိပ်ဆုံးက ထည့်ပြောခဲ့ပါတယ်။
အာဆီယံဆွေးနွေးပွဲကို သူလာတက်စေချင်ရင် ဒီပွဲကို မဖြစ်မနေစီစဉ်ပေးရမယ်ဆိုတာမျိုး သတ်မှတ်ချက်တောင်ရှိတယ်လို့ မီဒီယာတချို့က ဖော်ပြပါတယ်။ ထရမ့်ပ်ရဲ့ ခရီးစဉ်ဟာ အာဆီယံနဲ့ စစ်မှန်တဲ့ ပူးပေါင်းမှုမျိုးထက် တရုတ်ကို တန်ပြန်ဖို့ ပထဝီနိုင်ငံရေးရွှေ့ကွက်လည်းဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ထရမ့်ပ်ရဲ့ မှန်းဆလို့မရတဲ့ သဘောသဘာဝကြောင့် ရုတ်တရက် ကြေညာချက်တွေဘာတွေ ကောက်ထုတ်လိုက်တာ၊ မူဝါဒအရွေ့တခု ကြေညာလိုက်တာနဲ့ အာဆီယံရဲ့ အဓိကပြဿနာတွေကနေ အာရုံလွဲပြီးတော့ “အမေရိကပထမ” မူနဲ့ ကပြတဲ့ တကိုယ်တော်ပွဲမျိုး ဖြစ်သွားမှာကိုလည်း စိုးရိမ်မှုတွေ ရှိကြပါတယ်။
မပြောရဲ ပြောရဲ ဂါဇာအရေး
ဒီပွဲကို ထရမ့်ပ်လည်း လာတာကြောင့် မိုင်ပေါင်းထောင်ချီဝေးတဲ့ ပဋိပက္ခတခုဖြစ်တဲ့ ဂါဇာအရေးဟာလည်း ကွာလာလမ်ပူမှာ ဆွေးနွေးစရာဖြစ်လာနိုင်ပါတယ်။ ထရမ့်ပ်ကြားဝင်ပေးခဲ့တဲ့ အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ကြေညာချက်ထုတ်ခဲ့သလို အမြဲတမ်းအပစ်ရပ်ရေး၊ လူသားချင်းစာနာမှုအကူအညီတွေ ချက်ချင်းနဲ့ အစဉ်တစိုက်ရရှိရေး အရေးကြီးကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ ထရမ့်ပ်နဲ့ ဆွေးနွေးတဲ့အခါကျရင် ဂါဇာအရေးလည်း ပါဝင်မှာဖြစ်တယ်လို့ အိမ်ရှင်မလေးဝန်ကြီးချုပ် အန်နဝါက အတည်ပြုထားပါတယ်။ မလေးရှားကို နှစ် ၂၀ ကျော် ကြာအုပ်ချုပ်ခဲ့သလို မကြာသေးခင်ကတောင် တကျော့ပြန်ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ မဟာသီယာကတော့ ထရမ့်ပ်ကို ဖိတ်ကြားတဲ့ကိစ္စကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။
အာဆီယံ ထိပ်သီးဆွေးနွေးပွဲမစခင် ရှေ့ရက်တွေထဲ ကွာလာလမ်ပူမှာ ထရမ့်ပ်ကို ကန့်ကွက်ဆန့်ကျင်ဆန္ဒပြပွဲတွေ လုပ်ဖို့ စီစဉ်ထားသလို ခွင့်ပြုပေးမယ်လို့ မလေးဝန်ကြီးချုပ်က အာမခံထားပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲကျင်းပမဲ့ ဧရိယာနဲ့ ဧည့်သည်တော်တွေ ဘေးကင်းရေးကို အာမခံမယ်လို့ မလေးဝန်ကြီးချုပ်က ပြောထားပါတယ်။
ထရမ့်ပ်ရဲ့ ဂါဇာအရေးနဲ့ ပါလက်စတိုင်းအရေး ရပ်တည်ချက်အပေါ် ကမ္ဘာမှာ သဘောကွဲလွဲနေကြသလို အာဆီယံခေါင်းဆောင်တွေ၊ အထူးသဖြင့် မလေးရှားနဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေအတွက်တော့ ဒါဟာ သံတမန်ရေးရာ ကြိုးတန်းလမ်းလျှောက်ရသလိုပါပဲ။ ပါလက်စတိုင်း ဘက်ကရပ်တည်ပြီးတော့ ဝေဖန်၊ ရှုတ်ချ၊ ပြောဆိုချင်တာကတဖက်၊ အစ္စရေးကို ကျားကန်ပေးထားတဲ့ အမေရိကန်ငြိုငြင်မှာစိုးရတဲ့ မဟာဗျူဟာလက်တွေ့ပဓာန ဝါဒက တဖက် လွန်ဆွဲရတဲ့ အခြေအနေမျိုးပါ။
အမေရိကန်နဲ့လည်း ဆက်ဆံရေးကို ကိုင်တွယ်နိုင်မယ်၊ ဂါဇာအရေးမှာလည်း ညီညွတ်တဲ့၊ မူအပေါ် အခြေခံတဲ့ ရပ်တည်ချက်မျိုး ပြသနိုင်မယ်ဆိုရင်တော့ အာဆီယံဟာ ဘေးကရပ်ကြည့်သူအဖြစ်ကနေ ကမ္ဘာ့အကျပ်အတည်းတွေမှာ ထိတွေ့ပါဝင်နိုင်စွမ်းရှိတဲ့ အသိုက်အဝန်းတရပ် ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့လည်း ထုံးစံအတိုင်း သံတမန်ရေး မိတ်မပျက်ချင်တာနဲ့ပဲ ပြဿနာကို လက်ရှောင်ပြီးတော့ လေပဲရှိပြီး လက်တွေ့မရှိတဲ့ အစဉ်အလာကိုထိန်းသိမ်းဖို့ကတော့ ပိုများပါတယ်။
၁၁ နိုင်ငံမြောက် အဖွဲ့ဝင်သစ် အရှေ့တီမော
အာဆီယံ အဖွဲ့ဝင်ဖြစ်ဖို့အတွက် ကနဦး လျှောက်ထားခဲ့အပြီး ၁၄ နှစ်အကြာမှာ အရှေ့တီမောနိုင်ငံ ဟာ အခုအစည်းအဝေးမှာ တင်းပြည့် အဖွဲ့ဝင် အဖြစ် အသိအမှတ်ပြုခံရမှာ ဖြစ်ပါတယ်။
ပေါ်တူဂီကိုလိုနီဖြစ်ခဲ့ရာကနေ ၁၉၇၅ မှာ အင်ဒိုနီးရှားနိုင်ငံက သိမ်းပိုက်တာခံရပြန်တဲ့ အရှေ့တီမောဟာ ၂၀၀၂ ခုနှစ်မှာမှ လွတ်လပ်ရေးရခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ငံငယ်လေး အဖွဲ့ဝင်ဖြစ်လာဖို့ ၂၀၂၃ မှာမှ အဖွဲ့ဝင်နိုင်ငံတွေအကြား လမ်းပြမြေပုံတရပ် ချမှတ်နိုင်ခဲ့တာပါ။
အရှေ့တီမောကို ဝင်ခွင့်ပေးလိုက်တာဟာ အာဆီယံရဲ့ အားလုံးပါဝင်မှုနဲ့ သေးငယ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံလေးတွေကိုပါ လက်ခံပေးလိုစိတ်ရှိတာကို ပြသလိုက်တာဖြစ်ပါတယ်။ တဖက်မှာလည်း နဂိုကတည်းက ဘုံသဘောတူညီချက်ကို အခြေခံတဲ့ ဆုံးဖြတ်ချက်ချတဲ့ စနစ်ရဲ့ နှေးကွေးမှုကို ပိုရှုပ်လာစေတော့မှာ ဖြစ်ပါတယ်။
အာဆီယံကို ၁၉၆၇ ခုနှစ်မှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း ဆိုတဲ့ ၅ နိုင်ငံနဲ့ စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။ ဘရူနိုင်းက ၁၉၈၄၊ ဗီယက်နမ်က ၁၉၉၅၊ လာအိုနဲ့ မြန်မာက ၁၉၉၇၊ ကမ္ဘောဒီးယားက ၁၉၉၉ မှာ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အာဆီယံ ၁၀ နိုင်ငံ၊ အခု အရှေ့တီမော ပါလာရင် ၁၁ နိုင်ငံရဲ့ လူဦးရေဟာ သန်း ၆၀၀ ကျော်ရှိပါတယ်။ စုစုပေါင်း ဂျီဒီပီ အမေရိကန် ဒေါ်လာ ၃ ဒသမ ၉ ထရီလျံအထိ ရှိပြီး တစုတစည်းတည်းသာဆိုရင် ကမ္ဘာမှာ ပဥ္စမမြောက်အကြီးဆုံး စီးပွားရေးအင်အားစုဖြစ်ပါတယ်။ ဒို့လူလေးများဆိုသလေ၊ ဝေလေလေ ဖြစ်နေလို့သာ အာဆီယံဟာ ကမ္ဘာမှာ ရှိသင့်ရှိထိုက်တဲ့ ဩဇာအာဏာနဲ့ နေရာ တခု မရတာဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ် ဝေ့လယ်ကြောင်ပတ်မဟာဗျူဟာ
တရုတ်နဲ့ အာဆီယံနိုင်ငံအများအပြားကြား အဓိက ပွတ်တိုက်မှုဖြစ်တဲ့ တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုကိုလည်း ကွာလာလမ်ပူမှာ ထုံးစံအတိုင်း ဆွေးနွေးကြဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း (Code of Conduct) တရပ် အပြီးသတ်နိုင်ဖို့ကတော့ မျှော်လင့်ချက်နည်းနေဆဲ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက တရုတ်နဲ့ အငြင်းပွားမှုကို ကိုင်တွယ်ဖို့ရာ မူဘောင်တခု ရဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးနဲ့ နှောင့်နှေးနေခဲ့ပါတယ်။
၂၀၂၃ တုန်းကတော့ အာဆီယံနဲ့ တရုတ်ဟာ ဆွေးနွေးမှုတွေ အရှိန်မြှင့်ပြီးတော့ ၃ နှစ်အတွင်း စည်းမျဉ်းစည်းကမ်းကို အပြီးသတ်ဖို့ ဆိုတာ သဘောတူခဲ့ကြပါတယ်။ ဒီနေရာမှာ တရုတ်က မဟာဗျူဟာမြောက် ဝေ့လည်ကြောင်ပတ်လုပ်မှု (strategic ambiguity) ကို ကောင်းကောင်းအသုံးချတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ တရုတ်ကို “မ” နေရတဲ့ နိုင်ငံတွေ၊ တရုတ်နဲ့ မကင်းမရာမကင်းကြောင်းနိုင်ငံတွေနဲ့ တရုတ်က ပင်လယ်ပြင်မှာ ဗိုလ်ကျတာ ကို မခံနိုင်တဲ့ နိုင်ငံတွေကြားမှာ အားကောင်းတဲ့ သဘောတူညီမှုက ဘယ်လိုမှ မရနိုင်ပါဘူး။
မဖြစ်မနေလုပ်ရမယ်လို့ စည်းနှောင်မှုမရှိတဲ့၊ ပြဿနာတက်ရင် ဘယ်လို စီမံမလဲဆိုတာမျိုးကိုပဲ အာရုံစိုက်တဲ့ ကြေညာချက်မျိုးလောက်ရရင်ပဲ မဆိုးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ ရန်လိုတဲ့လုပ်ရပ်တွေကို ထိန်းသိမ်းဖို့၊ အချုပ်အခြာအာဏာအငြင်းပွားမှုကို ဖြေရှင်းဖို့ ကျယ်ပြန့်တဲ့၊ စည်းနှောင်မှုရှိတဲ့ စာပိုဒ်မျိုးတော့ ပါလာဖို့ မရှိသေးဘူးလို့ ပညာရှင်တွေက သုံးသပ်ပါတယ်။
ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကိုထိန်းသိမ်းဖို့ဆိုတဲ့ ဆီသည်မလက်သုတ်လို စကားစုတွေနဲ့ပဲ ခေါင်းဆောင်တွေ က ကြေညာချက်ထုတ်ဖို့ များနေပါတယ်။
ဖိလစ်ပိုင်လိုနိုင်ငံမျိုးက ပြင်းထန်ထိရောက်တဲ့ ရပ်တည်ချက်မျိုး လိုလားကောင်းလိုလားနိုင်ပေမဲ့ တရုတ်နဲ့ ထိပ်တိုက်တွေ့ရေးမှာ သူ့အပူကို ကိုယ့်အပူမလုပ်ချင်တဲ့ အိမ်နီးချင်းတွေကတော့ ထုံးစံအတိုင်း လက်ရှောင်ကြဦးမှာ ဖြစ်ပါတယ်။
မြန်မာ့အရေး ဘယ်ခရီးရောက်မလဲ
စစ်ကောင်စီက ဒီနှစ် ဒီဇင်ဘာလထဲ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားချိန်မှာ မြန်မာ့အရေးက အာဆီယံမှာ အဓိက ဆွေးနွေးစရာဖြစ်လာနိုင်ပါတယ်။ ဒီတပွဲလည်း မင်းအောင်လှိုင်တက်ခွင့်မရပါဘူး။ တရုတ်တောင် မင်းအောင်လှိုင်ကို မီးစိမ်းပြလိုက်ပေမဲ့ အာဆီယံက သစ်စိမ်းချိုးချိုးနေတာကိုတော့ ကျေးဇူးတင်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ ရှင်းအောင်ပြောရရင် မင်းအောင်လှိုင်ဟာ စစ်အာဏာသိမ်း ခေါင်းဆောင်မို့လို့ အာဆီယံက အသိအမှတ်မပြုတာ မဟုတ်ပါဘူး။ အဲဒီမင်းအောင်လှိုင်ကိုပဲ အာဆီယံခေါင်းဆောင်တွေ အကုန်လုံးက ခေါ်တွေ့၊ ထုံးစံအတိုင်း ဘုံသဘောတူညီချက် ငါးရပ်ဆိုပြီးတော့ ချမှတ်ပြီး အကောင်အထည်ဖော်ဖို့ အားလုံး သဘောတူခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီငါးချက်ကို သေချာနားမလည်ဘဲ သဘောတူခဲ့တဲ့ မင်းအောင်လှိုင်က ဘာမှ အကောင်အထည်မဖော်တဲ့အခါ တဖွဲ့လုံး အရှက်ရစရာဖြစ်ခဲ့ရတာပါ။
မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ငါးချက်
၁။ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများအားလုံးကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး သက်ဆိုင်သူအားလုံးက အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရမည်။
၂။ ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေတရပ်ရရှိရန် သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်သော ဆွေးနွေးမှုများ စတင်ရမည်။
၃။ အာဆီယံအတွင်းရေးမှူးချုပ်၏ အကူအညီဖြင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က ဆွေးနွေးညှိနှိုင်းမှုဖြစ်စဉ်ကို ကြားဝင်စေ့စပ်ပေးရမည်။
၄။ အာဆီယံက AHA Centre (အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းရေးစင်တာ) မှတဆင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရမည်။
၅။ အထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ လာရောက်ရမည်။
အဲဒီသဘောတူညီချက်အရ အကြမ်းဖက်မှုတွေရပ်ရမယ်၊ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ လုပ်ရမယ်၊ လူသားချင်းစာနာမှု အကူအညီတွေပေးဝင်ရမယ်၊ အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်စေ့စပ်ရမယ်၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ပေးရမှာဖြစ်ပါတယ်။
အာဆီယံအနေနဲ့ကတော့ အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချမယ်၊ အထူးကိုယ်စားလှယ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အကျိုးသက်ဆိုင်အားလုံးနဲ့ ထိတွေ့ဆက်ဆံမှု မြှင့်တင်ဖို့ တွန်းအားပေးမယ် စတဲ့ ကြေညာချက်မျိုးတော့ ထုတ်နိုင်ခြေရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ဒါပေမဲ့ မြန်မာ့အရေးမြင်သာတဲ့ တိုးတက်မှုမျိုး၊ သိသာတဲ့ အပြောင်းအလဲမျိုးတော့ တွေ့ရနိုင်ခြေနည်းပါတယ်။ နောက်ဆုံး စစ်ကောင်စီကို ဘယ်လို ဖိအားပေးမလဲဆိုတာမှာတောင် အာဆီယံထဲမှာ သဘောကွဲလွဲမှုက ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ NUG တင်မကဘဲ မြေပြင်က အကျိုးသက်ဆိုင်တဲ့ အင်အားစုအများအပြားနဲ့ ထိတွေ့ဆက်ဆံမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေ ရှိလာမယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ တရားဝင်အစည်းအဝေးပုံစံမျိုးတော့ မြင်ရဖို့ ရှိမနေပါဘူး။ မလေးရှားအစိုးရက အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာအပြီးမှာ သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ အများအပြားရှိလာခဲ့တာကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မလေးရှား အိမ်ရှင်အလှည့်ကုန်သွားမယ်၊ နောက်ထပ်အလှည့်ကျ ဥက္ကဋ္ဌ တနိုင်ငံထပ်တက်လာမယ်။ ဒီသံသရာကလည်နေမှာပါ။
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ဒေါ်နယ်ထရမ့်က ပူတင်နဲ့ ပတ်သက်ပြီးပြောခဲ့တဲ့ စကားကိုပဲ ငှားပြောရရင် အာဆီယံဟာ “စကားပြောလို့အဆင်ပြေပေမဲ့ ဘယ်မှမရောက်၊ ဘာမှ မဖြစ်တဲ့ အဖွဲ့အစည်း” အဖြစ် ဆက်ရှိနေမှာပါ။
အရှေ့တီမောနိုင်ငံ အဖွဲ့ဝင်ဖြစ်လာတာ၊ ထရမ့်ပ်နဲ့ ကမ္ဘာ့ခေါင်းဆောင်အများအပြား တက်ရောက်ပြီး စီးပွားရေး၊ကုန်သွယ်ရေးသဘောတူညီချက်တွေ လက်မှတ်ရေးထိုးနိုင်မှာလို အောင်မြင်မှုတွေနဲ့အတူ ဒီတနှစ်ဟာ အာဆီယံထိပ်သီးဆွေးနွေးပွဲသမိုင်းမှာ ထူးခြားတဲ့ နှစ်တနှစ်၊ အရေးပါတဲ့ နှစ် တနှစ်ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ ဘုံသဘောတူညီချက်ရဖို့အတွက် တင်းမာပြတ်သားတဲ့ ရပ်တည်ချက်မျိုးကို ရှောင်လွှဲ ပြီးတော့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ မျက်နှာမပျက်ရေးမူကိုပဲ ကျင့်သုံးဖို့ရှိနေတဲ့ အတွက် နိုင်ငံရေးရပ်တည်ချက်နဲ့ ကိုယ့်ကျင့်တရားနဲ့ဆိုင်တဲ့ ခံယူချက်မျိုးမှာတော့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အာဆီယံဟာ နောက်တန်းကပဲ အေးအေးဆေးဆေးဆက်ရှိနေဦးမယ်လို့ ဆိုရမှာဖြစ်ပါတယ်။
စိုင်းခေတ်နွေ




