Home
မြန်မာသတင်း
အာဆီယံအနေဖြင့် စစ်ကောင်စီရွေးကောက်ပွဲကို လက်မခံကြောင်းပြသရန် အိမ်ဖြူတော်ရှေ့ ဆန္ဒပြ
ဇေယျာချမ်းအေး
·
October 25, 2025

 

အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုဖို့ အမေရိကန်ရောက်မြန်မာတွေက အိမ်ဖြူတော်ရှေ့မှာ ဒေသစံတော်ချိန် အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အောက်တိုဘာ ၂၆ ကနေ ၂၈ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ ကျင်းပမယ့်  ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တက်ရောက်မယ်လို့ အတည်ပြုထားတာပါ။

အာဆီယံအစည်းအဝေး တက်ရောက်တဲ့အချိန်မှာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်ကို အမေရိကန်သမ္မတက တရားဝင်ထုတ်ဖော်ပြောဆိုရှုတ်ချဖို့နဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ပြောဆိုပေးဖို့ သမ္မတအိမ်ဖြူတော်ရှေ့မှာ အမေရိကန်ရောက် မြန်မာ့အရေးဆောင်ရွက်သူတွေ သွားရောက်တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Save Myanmar-USA အဖွဲ့မှ ကိုရင်အေးက “လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ နေ့စဉ်အကြမ်းဖက်ဗုံးကြဲပြီး အပြစ်မဲ့ကလေးတွေအပါအဝင် ပြည်သူကိုသတ်ဖြတ်နေတဲ့ စစ်ကော်မရှင်ရဲ့ ရာဇဝတ်မှုတွေကို ထုတ်ဖော်ပြောဆိုရှုတ်ချပေးဖို့၊ အပြစ်ပေးအရေးယူ ပိတ်ဆို့တာတွေပြုလုပ်ပေးဖို့ အိမ်ဖြူတော်ရှေ့မှာ ကျနော်တို့ တောင်းဆိုခဲ့တာပါ။ စစ်ခေါင်းဆောင်ရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံကြောင်း ထုတ်ဖော်ပြောဆိုပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ နောက်တချက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်တို့အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွတ်ပေးဖို့၊ အာဆီယံအစည်းအဝေးမှာ ထည့်သွင်းပြောဆိုပေးဖို့ ကျနော်တို့ တောင်းဆိုခဲ့ပါတယ်” လို့ ပြောပါတယ်။

၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးဘက်နိုင်ငံတွေအဖြစ် အမေရိကန်၊ တရုတ်၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်နိုင်ငံတို့က ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။ 

အစည်းအဝေးကို စစ်ခေါင်းဆောင်က တက်ရောက်ဖို့အဆိုပြုခဲ့ပေမဲ့ အိမ်ရှင်မလေးရှားက မဖိတ်ကြားခဲ့ပါဘူး။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်နေတဲ့အတွက် နိုင်ငံရေးနဲ့ မဆိုင်တဲ့ နိုင်ငံခြားရေးဌာနက အဆင့်မြင့်အရာရှိတယောက်ကိုတော့ အစည်းအဝေးမှာ ပါဝင်ခွင့်ပြုထားတာ တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013