
အရှေ့တောင်အာရှမှာ အကျပ်အတည်း အခက်အခဲတွေ ဆိုက်ရောက်နေပါတယ်။ ပို့ကုန်တွေ ကျဆင်းနေသလို လိမ်လည်မှုတွေလည်း သိပ်များနေပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေကြား နယ်စပ်အငြင်းပွားမှုတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် လာမယ့်သီတင်းပတ် ကွာလာလမ်ပူမှာ ခေါင်းဆောင်တွေ ဆွေးနွေးမယ့် အရေးကိစ္စတွေထဲ အကြီးမားဆုံး ပြဿနာတခု ရှိနေပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံက စစ်အုပ်စုကို ဘယ်လိုဆက်ဆံကြမလဲ ဆိုတာပါပဲ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ ၂၀၂၁ ဖေဖော်ဝါရီမှာ အာဏာသိမ်းခဲ့တာပါ။ အကြောင်းကတော့ အဲဒီမတိုင်ခင် လအနည်းငယ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့လို့ပါပဲ။
စစ်အာဏာသိမ်းကတည်းက မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ထဲ နစ်မြုပ်သွားခဲ့ပါတယ်။ ဒီမိုကရေစီရေး တော်လှန်သူတွေဟာ လက်နက်အင်အားတောင့်တင်းတဲ့ စစ်တပ်ကို တိုက်ခိုက်ရင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။
စစ်ပွဲတွေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် မြန်မာပြည် စီးပွားရေးကလည်း ရပ်တန့်နေပါတယ်။ ဒီအခြေအနေဟာ အာဏာမသိမ်းခင်က ရခဲ့တဲ့ တိုးတက်မှုတွေကို နောက်ပြန် ဆုတ်ယုတ်သွားစေတာပါ။ အာဏာမသိမ်းခင်တုန်းက မြန်မာနိုင်ငံသားတွေအတွက် ပိုကောင်းတဲ့ အနာဂတ် အလင်းရောင်လေးတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ မြန်မာပြည်သူ ၃ သန်းခွဲ လောက်ဟာ နိုင်ငံတွင်းမှာပဲ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရပါတယ်။
အာဆီယံကလည်း မြန်မာစစ်ခေါင်းဆောင်တွေကို အစည်းအဝေးတက်ရောက်ခွင့် တားမြစ်ထားပါတယ်။ အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရဘူးဆိုတဲ့ သဘောတူညီချက် ရှိပါတယ်။ ဒါကြောင့် အခုလို တားမြစ်တာဟာ ရှားရှားပါးပါး ပြစ်တင်မှုတခုလို့လည်း ဆိုနိုင်ပါတယ်။
အခုတော့ မင်းအောင်လှိုင်က ဒီနှစ်နှောင်းပိုင်းမှာ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုပြီး ဇာတ်ရှိန်မြှင့်လိုက်ပြန်ပါပြီ။
ကျွမ်းကျင်သူတွေကတော့ အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ကောင်းကောင်း မတုံ့ပြန်ဘူးဆိုရင် အရေးမပါတဲ့အဖွဲ့ ဖြစ်သွားနိုင်တယ်လို့ သတိပေးနေကြပါတယ်။ စစ်အုပ်စုဟာ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ သဘောတူထားတဲ့ သဘောတူညီချက်ကို ချိုးဖောက်နေပါတယ်။
ဒါကြောင့် လာမယ့်သီတင်းပတ် ထိပ်သီးအစည်းအဝေးမှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ အဲဒီကနေ ထွက်ပေါ်လာမယ့် ဘယ်အစိုးရကိုမဆို အတိအလင်း ပယ်ချကြောင်း ကြေညာချက် ထုတ်ပြန်ဖို့ အာဆီယံဥက္ကဋ္ဌ မလေးရှားအပေါ် ဖိအားတွေ တိုးလာနေပါတယ်။
“ဇူလိုင်လက အာဆီယံ ထိပ်သီးအစည်းအဝေးမှာ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ရပ်တည်ချက်ကို ခိုင်မာအောင် မလေးရှားက လုပ်ခဲ့ပါတယ်” လို့ မြန်မာ့လူ့အခွင့်အရေးအဖွဲ့ Progressive Voice ကို တည်ထောင်သူ မခင်ဥမ္မာက ပြောပါတယ်။
“ဒီရွေးကောက်ပွဲဟာ လုံးဝမဖြစ်နိုင်ဘူးလို့ သူတို့ ပြောခဲ့ပါတယ်”၊ “အဲဒီဆုံးဖြတ်ချက်ကို ဆက်ထိန်းထားစေချင်ပါတယ်။ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆက်လက်ပယ်ချဖို့တင် မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲပြီးရင် အာဆီယံတခုလုံး ဘာတွေဆက်ရင်ဆိုင်ရမလဲ ဆိုတာကိုပါ နောက်တဆင့် ကျော်ကြည့်ဖို့ လိုပါတယ်” လို့ မခင်ဥမ္မာက ဆက်ပြောပါတယ်။
ဝေဖန်သူတွေကတော့ စစ်အုပ်စုလုပ်မယ့် ဘယ်ရွေးကောက်ပွဲမဆို “ဟန်ပြ” ပဲ ဖြစ်မယ်လို့ ဆိုပါတယ်။ အဓိကအကြောင်းရင်းက စစ်အုပ်စုဟာ နယ်မြေအများစုကို မထိန်းချုပ်နိုင်လို့ပါ။ ပြီးတော့ လူ သန်းပေါင်းများစွာလည်း မဲပေးခွင့်ရမှာ မဟုတ်ပါဘူး။
စစ်တပ်ဟာ အရပ်သားနေရာတွေကို ဆက်ပြီး ဗုံးကြဲနေတုန်းပါပဲ။ တော်လှန်ရေးသမားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အလျှော့ပေး ညှိနှိုင်း ကြိုးစားမှုမျိုးလည်း လုံးဝမတွေ့ရပါဘူး။
လေ့လာသူတွေကတော့ ဒီရွေးကောက်ပွဲဟာ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ နေရာတွေမှာပဲ အကန့်အသတ်နဲ့ ကျင်းပလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ အဲဒီနေရာတွေကလည်း စစ်အုပ်စုရဲ့ လက်ကိုင်တုတ်တွေကြောင့်၊ အကြောက်တရားနဲ့ ဖိနှိပ်ထားမှုကြောင့်သာ လုံခြုံနေတာမျိုး ဖြစ်ပါတယ်။
စစ်အုပ်စုဟာ အကြီးအကျယ် အထိနာနေပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲကနေတဆင့် တရားဝင်မှုတခုရဖို့ အသည်းအသန် ကြိုးစားနေတာပါလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါ့အပြင် တရုတ်နဲ့ ရုရှား အပါအဝင် ကျန်နေသေးတဲ့ မဟာမိတ်အနည်းငယ်ကို စိတ်ကျေနပ်အောင် လုပ်ပေးတာလည်း ဖြစ်ပါတယ်။
မင်းအောင်လှိုင် ကိုယ်တိုင်တောင် ဒီရွေးကောက်ပွဲဟာ အကန့်အသတ်နဲ့ပဲ ဖြစ်မယ်လို့ ဒီတပတ်ထဲမှာ ဝန်ခံခဲ့ပါတယ်။
စစ်အုပ်စုချုပ်ကိုင်ထားတဲ့ “မြန်မာ့အလင်း” သတင်းစာရဲ့ ဖော်ပြချက်အရ မင်းအောင်လှိုင်ဟာ “ခိုင်မာ အားကောင်းပြီး ယှဉ်ပြိုင်မှုရှိတဲ့” ရွေးကောက်ပွဲ ဖြစ်စေချင်ကြောင်း၊ သို့သော် “အကြောင်းအမျိုးမျိုးကြောင့်” တချို့မဲဆန္ဒနယ်တွေမှာ ၁၀၀ ရာခိုင်နှုန်း ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ဝန်ခံသွားပါတယ်။
ဒီဇင်ဘာလမှာ အဆင့်ဆင့် ကျင်းပမယ့် ဒီရွေးကောက်ပွဲကို နိုင်ငံတကာကလည်း ဝိုင်းဝန်း ရှုတ်ချနေပါတယ်။ ဥရောပသမဂ္ဂ (EU) ကလည်း ကြာသပတေးနေ့မှာ ပူးပေါင်း ရှုတ်ချလိုက်ပါတယ်။
“ကျမကတော့ ဒါကို စစ်အုပ်စု ကျောထောက်နောက်ခံပေးတဲ့ ရွေးကောက်ပွဲလို့ပဲ ခေါ်ချင်ပါတယ်” လို့ EU လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ခိုင်ဆအိုးလုံဂရင်းက ကွာလာလမ်ပူ ခရီးစဉ်အတွင်း သတင်းထောက်တွေကို ပြောပါတယ်။ “သူတို့က ဒီလိုပံ့ပိုးပေးရင် ရလဒ်ကလည်း သူတို့လိုချင်တဲ့အတိုင်း ထွက်လာမှာပါ”
“ဆွေးနွေးညှိနှိုင်းမှုလည်း မရှိဘူး။ လူတိုင်းပါဝင်နိုင်ခြေလည်း မရှိဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရဟာလည်း ယုံကြည်ထိုက်တဲ့အစိုးရ ဖြစ်လာမှာ မဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။
အဲဒီအစား မြန်မာနိုင်ငံကို အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်အတိုင်း လိုက်နာအောင် လုပ်ဖို့ အာဆီယံကို တိုက်တွန်းခဲ့ပါတယ်။ အဲဒီသဘောတူညီချက် ၅ ချက်ဟာ ၂၀၂၁ အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ စစ်အုပ်စုနဲ့ သဘောတူခဲ့တာပါ။ အဓိကကတော့ ဒီမိုကရေစီ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ ရပ်တန့်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီး ၄ နှစ်ခွဲကြာတဲ့အထိ ဒီပြဿနာတွေက ပိုဆိုးလာဖို့ပဲ ရှိတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။ ပြည်တွင်းစစ်၊ အွန်လိုင်းငွေလိမ်လည်စင်တာတွေ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု မြင့်တက်လာတာတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ ဒုက္ခတွေကြောင့် လူသန်းပေါင်းများစွာ နိုင်ငံရပ်ခြားကို ထွက်ပြေးနေရပါတယ်။ အဲဒီထဲမှာ အငတ်ဘေးဆိုက်နေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေလည်း အများကြီး ပါပါတယ်။ ဒီအရာတွေအားလုံးဟာ အာဆီယံရဲ့ လုံခြုံရေးအတွက် အန္တရာယ်အသစ်တွေ ဖြစ်စေပါတယ်။
မလေးရှား၊ စင်ကာပူ၊ မြန်မာနဲ့ အင်ဒိုနီးရှား နိုင်ငံရေးကို အထူးပြုလေ့လာနေတဲ့ Nottingham တက္ကသိုလ် (မလေးရှား) က သုတေသီ ဘရစ်ဂျစ်ဝဲလ်ရှ်က “အာဆီယံက တည်ငြိမ်ရေးကိုပဲ ပိုစိတ်ဝင်စားနေတယ်။ အဲဒီတည်ငြိမ်မှုကိုလည်း စစ်အုပ်စုဆီကသာ ရနိုင်လိမ့်မယ်လို့ အထင်အမြင်မှားနေတုန်းပဲ” လို့ ပြောပါတယ်။
ခိုင်မာအားကောင်းနေဆဲ ဒီမိုကရေစီလှုပ်ရှားမှုကို ဒေသတွင်းအဖွဲ့အစည်း (အာဆီယံ) အနေနဲ့ ပြတ်ပြတ်သားသား ထောက်ခံရမယ့်အချိန် ရောက်ပြီလို့လည်း ဘရစ်ဂျစ်ဝဲလ်ရှ်က ဆက်ပြောပါတယ်။
“ဒီအွန်လိုင်းငွေလိမ်စီးပွားရေးပေါ်လာလို့ဘယ်လောက်ထိ ဆိုးကျိုးတွေ ဖြစ်နေလဲ၊ ဒီ အတုအယောင် ရွေးကောက်ပွဲက ပဋိပက္ခကို ဘယ်လိုမျိုး ဆက်ဖြစ်နေစေမလဲဆိုတာ ဒေသတွင်းနိုင်ငံတွေက သိပ်နားမလည်သေးဘူး။” “သူတို့က အတိတ်ကလိုပဲ ပြန်ဖြစ်သွားလိမ့်မယ်လို့ ထင်နေကြတယ်။ ဒါပေမဲ့ အခု မြန်မာနိုင်ငံရဲ့ တော်လှန်ရေး အခြေအနေတွေဟာ အရင်ကနဲ့ လုံးဝမတူတော့ဘူး ဆိုတာကို သူတို့ မသုံးသပ်မိကြဘူး။”
အီမန်မွတ်တကီးန်ယူစွတ်ဖ် နှင့် အေဒန်ဂျုံးစ်
Ref: South China Morning Post




