
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မွန်ညီညွတ်ရေးပါတီက မဲဆန္ဒနယ် ၂၅ နေရာအတွက် ကိုယ်စားလှယ်လောင်း ၃၈ ယောက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ အဲဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက DVB ကို ပြောပါတယ်။
အခုဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ မွန်ညီညွတ်ရေးပါတီရဲ့ အလုပ်အမှုဆောင်နဲ့ ဗဟိုကော်မတီဝင် ၂၁ ယောက်ပါသလို ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖူးတဲ့ ကိုယ်စားလှယ်လောင်း ၁၀ ယောက်ပါတယ်လို့ ဆိုပါတယ်။
မွန်ညီညွတ်ရေးပါတီအနေနဲ့ မွန်ပြည်နယ်တပြည်နယ်လုံးမှာရှိတဲ့ မဲဆန္ဒနယ် ၄၅ နေရာထဲက ဘီလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်တွေက မဲဆန္ဒနယ်တွေအပါအဝင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၃ နေရာကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ နိုင်သန်းရွှေက ပြောပါတယ်။
စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တခုလုံးမှာ ဝင်ရောက်ယှယ်ပြိုင်မယ့် ပါတီ ၉ ပါတီရဲ့ အဲဒီပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၅၆ ယောက်ဝင်ပြိုင်မယ်လို့ ထုတ်ပြန်ထား ပါတယ်။
မွန်ညီညွတ်ရေးပါတီကတော့ ပြည်နယ်အဆင့်သာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ လွှတ်တော်နေရာ ၁၂ နေရာ အနိုင်ရရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။




