
လာမယ့် ဒီဇင်ဘာလမှာ စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ စစ်တပ်က အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်ချုပ်ကြီးနဲ့ ဗိုလ်ချုပ်တွေက နေပြည်တော်မှာ အမျိုးသားလွှတ်တော် ၂ နေရာနဲ့ ပြည်သူ့လွှတ်တော်နေရာတွေကို ကြံ့ခိုင်ရေးပါတီကိုယ်စားပြုပြီး ဝင်ပြိုင်မှာ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၂ နေရာကို အငြိမ်းစား ဗိုလ်ချုပ်ကြီးတင်အောင်စန်းနဲ့ ဗိုလ်မှူးချုပ်တင်ဦးလွင်တို့က ကြံ့ခိုင်ရေးပါတီက ပြိုင်မှာ ဖြစ်ပါတယ်။
ဥတ္တရသီရိမြို့နယ် မဲဆန္ဒနယ်အတွက် ပြည်သူ့လွှတ်တော်နေရာကို ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြိုင်မှာဖြစ်ပြီး ဒက္ခိဏသီရိမြို့နယ် မဲဆန္ဒနယ်အတွက် ဒုဗိုလ်ချုပ်ကြီးမြတ်ဟိန်းက ဝင်ပြိုင်မှာ ဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မှာဖြစ်ပြီး တပ်ကုန်းမြို့နယ် မဲဆန္ဒနယ်မှာ ဗိုလ်ချုပ် မောင်မောင်အုန်းက ဝင်ပြိုင်မှာပါ။
ဇမ္ဗူသီရိမြို့နယ်မှာ မင်းကင်းမောင်မြင့်လို့ အများကသိကြတဲ့ ဗိုလ်မှူးချုပ်ဟောင်း မောင်မြင့်က ဝင်ပြိုင်မှာဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်မှာတော့ ဘူးလက်လှဆွေလို့ အများခေါ်ကြတဲ့ ဒုဗိုလ်မှူးကြီးဟောင်း လှဆွေက ဝင်ပြိုင်မှာဖြစ်ပါတယ်။
နေပြည်တော် သတင်းရင်းမြစ်က "နေပြည်တော်မှာ တခြားမြို့နယ်တွေတော့ မသိဘူး၊ ပုဗ္ဗသီရိမှာတော့ ဦးကိုကိုကြီးပါတီက ဝင်ပြိုင်တဲ့ ဗိုလ်မှူးဇင်ဝိုင်းကို ဘူးလက်လှဆွေ အတော်ရုန်းရမှာ၊ ဦးဇင်ဝိုင်းကို လူထုထောက်ခံမှု အတော်များတယ်။ တကယ်လည်း ကွင်းဆင်းပြီး လုပ်ပေးနေတာ တွေ့ရတယ်။ နေပြည်တော်မှာ တပ်က အငြိမ်းစားအရာရှိတွေပဲ ပြိုင်ကြတာ” လို့ ပြောပါတယ်။
နေပြည်တော် ၈ မြို့နယ်မှာ ပျဥ်းမနားနဲ့ လယ်ဝေးမှာတော့ စစ်တပ်က အငြိမ်းစားတွေမဟုတ်ဘဲ ကြံ့ခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင်တွေဖြစ်တဲ့ ဦးခင်မောင်ဝင်းနဲ့ ဦးဝင်းဌေးတို့ ပြိုင်မယ်လို့ ပါတီဝင်တယောက်က ပြောပါတယ်။
အလားတူ အငြိမ်းစား ဗိုလ်ချုပ်ကြီးညိုစောက ကိုကိုးကျွန်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြင်ဦးလွင်၊ ဒုဗိုလ်ချုပ်ကြီး ကံမြင့်သန်းက မအူပင်၊ ဒုဗိုလ်ချုပ်ကြီး စိုးတင့်နိုင်က မကွေးနဲ့ ဒုဗိုလ်ချုပ်ကြီး သက်ပုံက စစ်ကိုင်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မှာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။




