
လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ မဲဆွယ်စည်းရုံးဖို့ ခွင့်ပြုထားတဲ့ ရက်ပေါင်း ၆၀ အတွင်းမှာ ရွေးကောက်ပွဲအပိုင်းအားလုံးအတွက် မဲဆွယ်စည်းရုံးသွားရမယ်လို့ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အနေနဲ့ အောက်တိုဘာ ၁၈ ရက်က နိုင်ငံရေးပါတီ ၅၇ ပါတီနဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးဖို့အတွက် ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ကြေညာထားတာပါ။
ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၁ ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး အပိုင်း ၂ ကိုတော့ မြို့နယ် ၁၀၀ မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အပြီးပြုလုပ်သွားဖို့ ရှိနေတယ်လို့ စစ်ခေါင်းဆောင်က ပြောထားပါတယ်။
ကျန်ရှိနေတဲ့ မြို့နယ်တွေကိုတော့ နောက်တက်လာမယ့် အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က တာဝန်ခံပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ ပြုလုပ်ပေးသွားရမှာဖြစ်တယ်လို့လည်း ပြီးခဲ့တဲ့ NCA နှစ်ပတ်လည် အခမ်းအနားမှာ စစ်ခေါင်းဆောင်က ပြောထားတာပါ။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။




