
ရန်ကုန်တိုင်းမှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ လုံခြုံရေးအတွက် နိုင်ငံရေးပါတီတွေက ဘေးတွဲသမားတွေကို တလ ကျပ် ၄ သိန်းပေးပြီး အပြိုင်အဆိုင် ခေါ်ယူနေတယ်လို့ ဘေးတွဲမောင်းသူတွေက ပြောပါတယ်။
အဆိုပါ ဘေးတွဲသမားတွေဟာ နိုင်ငံရေးပါတီတွေ စည်းရုံးရေးဆင်းတဲ့အချိန် လုံခြုံရေးအဖြစ် ယူပေးရမှာဖြစ်ပြီး တုတ်၊ ဓား လက်နက်တွေ ကိုင်ဆောင်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။
သာကေတ၊ အနော်မာရပ်ကွက်မှ ဘေးတွဲမောင်းသူတယောက်က “သာကေတမှာက ကြံ့ခိုင်ရေးကသူတွေ အများဆုံးပြိုင်ကြမှာ။ ကြံ့ခိုင်ရေးက အများဆုံး လာငှားတယ်၊ သူတို့က ငှားကြတာ၊ စာချုပ်နဲ့ပေါ့။ မဲဆွယ်စည်းရုံးရေးကာလ အတွင်းပေါ့။ သင်္ကာ မကင်းသူမှန်သမျှ လုပ်သာလုပ် သူတို့တာဝန်ယူမယ် ပြောတယ်။ ကျနော့်ကိုလည်း လာငှားတယ်။ ဘယ်သူနဲ့မှ မရှုပ်ချင်လို့ အေးဆေး ဘေးတွဲမောင်းနေတာ။ ဘေးတွဲမောင်းတဲ့သူတွေကိုလည်း သတိထား။ အကုန် သူတို့လူတွေချည်းပဲ” လို့ ပြောပါတယ်။
ဘေးတွဲသမားတွေကို အုပ်ချုပ်ရေးမှူးတွေကနေတဆင့် နိုင်ငံရေး ပါတီတွေက ခေါ်ယူနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးခွင့် ကာလကို အောက်တိုဘာ ၂၈ ရက်က စတင်နိုင်ပြီး ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က မနေ့က ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်းတို့ကို အောက်တိုဘာ ၂၈ ရက်၊ မနက် ၆ နာရီမှ ဒီဇင်ဘာ ၂၆ ရက်၊ ည ၁၂ နာရီအထိ ခွင့်ပြုထားပါတယ်။
စစ်တပ်က ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ပထမပိုင်း ပြုလုပ်မှာဖြစ်ပြီး တနိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၆ ပါတီ၊ ပြည်နယ်နဲ့ တိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၅၁ ပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၅၇ ပါတီက ကိုယ်စားလှယ်လောင်း ၅,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းအရ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။




