Home
နိုင်ငံတကာ
လုံခြုံရေးနှင့် ဘေးကင်းရေး အရင်စီစဉ်ပေးရန် ဂါဇာဒေသခံများ လိုလား
DVB
·
October 13, 2025
Photo: Reuters

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ခန်းယူနစ်မြို့ကို ဖြတ်သွားချိန် အောက်တိုဘာ ၁၂ ရက်မှာ ကယ်ဆယ်ရေးထရပ်ကားတွေပေါ်ကို လူတွေ ခုန်တက်လာကြပါတယ်။

ကယ်ဆယ်ရေးပစ္စည်းတင်တဲ့ ကုန်ကားတွေဆီကို လူတိုင်းအလွယ်တကူ ဘေးကင်းလုံခြုံမှုရှိရှိ လက်လှမ်းမီနိုင်အောင် စီစဉ်ရမယ်လို့ အဲဒီဒေသက ပါလက်စတိုင်းသားတွေက ပြောပါတယ်။

အကူအညီတွေမပေးခင် လုံခြုံရေးနဲ့ ဘေးကင်းရေးကို စီစဉ်ပေးရမယ်လို့ အခင်းဖြစ်ရာ အခြေအနေကို မျက်မြင်တွေ့ရှိသူ ခါလဒ် အာဘေဒင်က ပြောပါတယ်။

အစားအသောက်နဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေ တင်ဆောင်လာတဲ့ ကုန်ကားတွေ ဂါဇာဆီ တနေ့ကို အစီးရေ ရာနဲ့ချီ ရောက်လာဖို့ မျှော်လင့်ရပါတယ်။

ဂါဇာမှာ ကလေးအယောက် ၅၀,၀၀၀ ဟာ ပြင်းထန်တဲ့ အာဟာရချို့တဲ့မှု အန္တရာယ်ကို ရင်ဆိုင်နေရပြီး ချက်ချင်းကုသမှုခံယူဖို့ လိုနေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်အဖွဲ့ကြီး ယူနီဆက်ဖ်က ပြောပါတယ်။

ယူနီဆက်ဖ်ဟာ ဂါဇာက ကလေးတိုင်းအတွက် စောင်အထည်ရေ ၁ သန်း ထောက်ပံ့ပေးဖို့ ရည်မှန်းထားပြီး အရင်က ပိတ်ဆို့ခံထားရတဲ့ ဘီးတပ်ကုလားထိုင်တွေနဲ့ ချိုင်းထောက်တွေကို ပေးဖို့လည်း ရည်မှန်းထားပါတယ်။

အောက်တိုဘာ ၁၂ ရက်ကစပြီး အာဟာရချို့တဲ့နေတဲ့ ကလေးတွေအတွက် စွမ်းအင်မြင့်မားတဲ့ အစားအစာတွေ၊ လစဉ်သုံးပစ္စည်းတွေ၊ ရွက်ဖျင်တဲတွေကို သိသိသာသာ တိုးမြှင့်ပေးဖို့ မျှော်လင့်ထားတယ်လို့ ယူနီဆက်ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ထက်စ် အင်ဂရမ်က အောက်တိုဘာ ၁၁ ရက်မှာ ပြောပါတယ်။

ဂါဇာလူထုအတွက် သုံးလစာ လုံလောက်ပြီး ထရပ်ကားအစီးရေ ၆,၀၀၀ စာရှိတဲ့ စားနပ်ရိက္ခာတွေ အပါအဝင် အကူအညီတွေကို ဂျော်ဒန်နဲ့ အီဂျစ်တို့ကနေ ဂါဇာကမ်းမြောင်ဒေသဆီ ပို့ခွင့်ပြုဖို့ အစ္စရေးမှာ လုပ်ငန်းလည်ပတ်ခွင့် ပိတ်ပင်ခံထားရတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ သက်သာချောင်ချိရေးနဲ့ လုပ်ငန်းအဖွဲ့ (UNRWA) က အစ္စရေးအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013