Home
နိုင်ငံတကာ
ဂါဇာအပစ်အခတ်ရပ်စဲရေး အတည်ပြုကြောင်း အစ္စရေးအစိုးရ ကြေညာ
DVB
·
October 10, 2025
Photo :Reuters

ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အစ္စရေးအစိုးရအဖွဲ့က အတည်ပြုကြောင်း ကြေညာခဲ့ပါတယ်။

ဂါဇာသဘောတူညီမှု ပထမအဆင့်အဖြစ် အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံ ပြန်လွှတ်ပေးရေးတို့ကို အစ္စရေးက အတည်ပြုကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီသဘောတူညီချက်တွေထဲမှာ ဂါဇာမှာ ၅၃ ရာခိုင်နှုန်း ထိန်းချုပ်ထားတဲ့ အစ္စရေးတပ်တွေ သတ်မှတ်နေရာအထိ ပြန်ဆုတ်ခွာပေးရမှာဖြစ်ပြီး ဟားမတ်စ်က အသက်ရှင်ကျန်ရစ်တဲ့ ဓားစာခံ အယောက် ၂၀ ကို ၇၂ နာရီအတွင်း ပြန်လွှတ်ပေးရမှာပါ။

အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသား ၂၅၀ နဲ့ ဂါဇာမှာ ထိန်းသိမ်းထားတဲ့ လူ ၁,၇၀၀ ကို ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။

ဂါဇာမှာရှိတဲ့ စစ်ဘေးရှောင် ၂ သန်းကျော်ကို စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ၊ လောင်စာတွေ ကူညီပေးဖို့ ရာနဲ့ချီတဲ့ ကုန်တင်ကားတွေနဲ့ ထောက်ပံ့သွားမယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

ဒါဟာ အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ကို ဆွေးနွေးမှုတွေ ဆက်ပြီး ပြုလုပ်ရမှာပါ။

အီဂျစ်မှာ ကိုယ်စားလှယ်တွေ တဆင့်ခံပြီး ဆွေးနွေးခဲ့ကြတဲ့ ၃ ရက်တာ ဆွေးနွေးမှုအပြီး အောက်တိုဘာ ၉ ရက်က အပစ်အခတ်ရပ်ဖို့ သဘောတူညီချက် ရခဲ့တာပါ။

အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်စေ့စပ်ပေးတဲ့ နိုင်ငံတွေအဖြစ် အမေရိကန်၊ အီဂျစ်၊ ကာတာနဲ့ တူရကီနိုင်ငံတို့က ဆောင်ရွက်ခဲ့ပါတယ်‌။

၂ နှစ်ကြာ စစ်ပွဲကြောင့် ပါလက်စတိုင်း ၆၇,၀၀၀ ကျော် သေဆုံးခဲ့ပြီး စစ်ဘေးရှောင်ဦးရေ သန်းနဲ့ချီလာကာ အငတ်ဘေးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အစ္စရေးဓားစာခံတွေကို လာမယ့် တနင်္လာနဲ့ အင်္ဂါနေ့တို့မှာ လွှတ်ပေးနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောထားပြီး တနင်္ဂနွေနေ့မှာ ပြုလုပ်မယ့် လက်မှတ်ထိုးပွဲအတွက် အရှေ့အလယ်ပိုင်းကို သွားမယ်လို့လည်း ဆိုပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013