Home
နိုင်ငံတကာ
ဂါဇာစစ်ပွဲ ပြီးဆုံးသွားပြီဟု အာမခံချက် ရရှိထားကြောင်း ဟားမတ်စ်ပြော
DVB
·
October 10, 2025
Photo: HAMAS MEDIA OFFICE

ဟားမတ်စ်အဖွဲ့ဟာ ဂါဇာကမ်းမြောင်စစ်ပွဲ ထာဝရ အဆုံးသတ်သွားပြီလို့ အမေရိကန်၊ အာရပ်နဲ့ တူရကီ ဖျန်ဖြေသူတွေဆီက အာမခံချက် ရရှိထားပြီဖြစ်ကြောင်း ပြည်ပရောက် ဂါဇာအကြီးအကဲ ခါလီလ် အယ်လ်-ဟေယာက အောက်တိုဘာ ၉ ရက်မှာ ပြောကြားပါတယ်။

ပြည်ပရောက် ဂါဇာအကြီးအကဲ ခါလီလ် အယ်လ်-ဟေယာက“ဟားမတ်စ်အဖွဲ့ဟာ ပြည်သူတွေအပေါ် ရန်လိုမှုတွေနဲ့ စစ်ပွဲတွေ အဆုံးသတ်ဖို့၊ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးကို စတင်အကောင်အထည်ဖော်ဖို့၊ ဝင်ရောက်သိမ်းပိုက်ထားတဲ့တပ်ဖွဲ့တွေ ဆုတ်ခွာရေး၊ အကူအညီတွေ ဝင်ရောက်ခွင့်၊ လမ်းကြောင်း နှစ်ဖက်စလုံးမှာ ရာဖာ ဖြတ်ကျော်ဂိတ် ဖွင့်လှစ်ပေးခြင်းတွေအတွက် သဘောတူညီမှုတွေ ရရှိထားကြောင်းတွေကို ဒီနေ့မှာ ကြေညာအပ်ပါတယ်။ ဒါ့အပြင် အကျဉ်းသားလဲလှယ်ရေးမှာလည်း ထောင်ဒဏ်တသက် ချမှတ်ခံထားရတဲ့ သူရဲကောင်း ပါလက်စတိုင်းအကျဉ်းသား ၂၅၀ နဲ့အတူ အောက်တိုဘာ ၇ ရက်နောက်ပိုင်းမှာ ဂါဇာကမ်းမြောင်က ဖမ်းဆီးခံခဲ့ရတဲ့ အကျဉ်းသား ၁,၇၀၀ အပြင် ကလေးတွေနဲ့ အမျိုးသမီးတွေ အားလုံးကို လွှတ်ပေးဖို့လည်း သဘောတူညီမှု ရရှိခဲ့တယ်” လို့ ပြောသွားတာပါ။

ဖျန်ဖြေပေးတဲ့ ညီနောင်တွေနဲ့ အမေရိကန်အစိုးရအဖွဲ့ဆီကနေ အာမခံချက်တွေ ရရှိထားပြီး အားလုံးကလည်း စစ်ပွဲ လုံးဝပြီးဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုကြတယ်လို့လည်း ဆိုပါတယ်။

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်နဲ့ လက်မှတ်ရေးထိုးပြီး အမေရိကန်က ကြားဝင်ဆောင်ရွက်ပေးတဲ့ ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံလွတ်မြောက်ရေး အစီအစဉ်ကို အတည်ပြုဖို့အတွက် အစ္စရေး အစိုးရဝန်ကြီးတွေဟာ အောက်တိုဘာ ၉ ရက်မှာ အစည်းအဝေး စတင်ကျင်းပခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးဟာ အစိုးရအစည်းအဝေးအပြီး ၂၄ နာရီအတွင်း အသက်ဝင်မှာဖြစ်ကြောင်း အစ္စရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

၂၄ နာရီ ကြာပြီးနောက်မှာ ဂါဇာမှာ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ၇၂ နာရီအတွင်း လွတ်မြောက်လာမှာ ဖြစ်ပါတယ်။ အစ္စရေး လုံခြုံရေးဝန်ကြီးအဖွဲ့ရဲ့ အစည်းအဝေးအပြီးမှာပဲ အစိုးရအစည်းအဝေးကို ဆက်လက်ပြုလုပ်ခဲ့တာပါ။

ဂါဇာက ဓားစာခံတွေကို တနင်္လာနေ့ သို့မဟုတ် အင်္ဂါနေ့မှာ ပြန်လွှတ်ပေးသင့်တယ်လို့ အောက်တိုဘာ ၉ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပြီး အီဂျစ်က လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တက်ရောက်ဖို့နဲ့ အစ္စရေးလွှတ်တော်ကို မိန့်ခွန်းပြောဖို့ မျှော်လင့်ကြောင်းလည်း ပြောသွားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013